Skip to main content

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၂၂

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာ ချက်များပါဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။

စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထား ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် တာဝန်ရှိသူများနှင့်အတူ ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိသည့် စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ကုလားဘာတောင်ရပ်ကွက်ရှိ သိမ်တောင်ကျောင်းတိုက်သို့ရောက်ရှိကာ နယ်လှည့်ဆေးကုသခြင်းနှင့် မိုခါ မုန်တိုင်းလေပြင်းဒဏ်ခံစားခဲ့ရသော ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေး၍ ဆေးကုသမှုလာရောက်ခံယူနေကြသည့် ပြည်သူများကို အားပေးစကားများပြောကြားပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

လှူဖွယ်ပစ္စည်းများ ဆက်ကပ်

အလားတူ မုန်တိုင်းဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဟားခါးမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ဟားခါးမြို့ပေါ်ရှိ ဇေတဝန်ဘုန်းတော်ကြီးကျောင်း၊ မြို့မဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် သာသနာ့ရက္ခိတ တပ်ဦးကျောင်းတို့၌ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျန်းမာရေးနှင့် အခြားလိုအပ်ချက် များအပေါ်တွင် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အားပေးစကားပြောကြား

ထို့အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ် သံတွဲမြို့နယ်သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် စိုးနိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာအုပ်စုရှိ လေဘေးသင့် အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပြီး သာသနိက အဆောက်အဦများနှင့် စာသင်ကျောင်များ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။

အလားတူ သံတွဲမြို့နယ်ရှိ သာသနိကအဆောက်အဦများ ပျက်စီးခဲ့မှုများ၊ သောက်သုံးရေကန်များ သိုလှောင်ထားရှိမှုအခြေအနေများ၊ လူနေအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့သည့် အခြေအနေများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ငပလီမြို့ ဂျိတ္တောရပ်ကွက် မဒေးတောင်ရှိ အလိုတော်ပြည့်ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

လမ်းမီးတိုင်များ ပြန်လည်အသစ်တပ်ဆင်

ထို့အတူ မြောက်ဦးမြို့နယ်အတွင်း ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်သောင်းထိုက်ရွှေသည် တာဝန်ရှိသူများနှင့်အတူ မြောက်ဦးမြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စာသင်ကျောင်းများသို့ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နန်းတော်ရာကုန်းဘေး လမ်းမီးတိုင်များ ကျိုးကျပျက်စီးမှုအခြေအနေနှင့် လမ်းမီးတိုင်များ ပြန်လည်အသစ်တပ်ဆင်မှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ မြောက်ဦးမြို့နယ်အတွင်း ကျိုးကျပျက်စီးသွားသော လမ်းမီးတိုင်များကို အမြန်ဆုံးပြန်လည်အသစ် တပ်ဆင်နိုင်ရေး တာဝန်ရှိသူများကို မှာကြားခဲ့သည်။

အလားတူ မြေပုံမြို့နယ်သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးသည် တာဝန်ရှိသူများနှင့်အတူ မြို့ပေါ်ရပ်ကွက်များအတွင်း၌ လေဘေးခိုလှုံရာစခန်းဖွင့်လှစ်ခဲ့သော ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များ လှူဒါန်းခြင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (မြေပုံ) ၌ ကျောင်းဖွင့်ရာသီအချိန်မီ ကျောင်းဖွင့်လှစ်နိုင်ရေး အတွက် “ကျောင်းနှင့် ဝန်းကျင်သန့်ရှင်းရေး” စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို သွားရောက်ကြည့်ရှုသည်။

စာသင်ကျောင်းများအား ကြည့်ရှု

ထို့အတူ မာန်အောင်မြို့နယ်သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် တာဝန်ရှိသူများနှင့်အတူ မာန်အောင်မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော စာသင်ကျောင်းများအား ကြည့်ရှုစစ်ဆေးပြီး ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းများအား ကျောင်းဖွင့်အမီ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်