နေပြည်တော် ဧပြီ ၂၅
၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စလင်းမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မကွေးတိုင်းဒေသကြီးအတွင်း လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွား ၁၈၁၈၀ အတွက် လူမှုရေးပင်စင်ထောက်ပံ့ ပေးမှုအခြေအနေများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်း သဘာဝဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုက်ပွဲရှောင်များ၊ အကြမ်းဖက်ခံရမှုကြောင့် ထိခိုက်ခံခဲ့ရသူများအတွက် ထောက်ပံ့ပေးနေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွား ၁၈၁၈၀ အတွက်လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် သန်း ၅၄၅ ဒသမ ၄၀ ၊ စလင်းမြို့နယ် လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၄၀၈၀၀၀၀ဝ နှင့် ဆန်အိတ် ၄၆၅ အိတ်တို့ကိုတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီးအတွင်း သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အကြမ်းဖက်ခံရမှုကြောင့် ထိခိုက်ခံရသူများအတွက် ထောက်ပံ့ကူညီမှုနှင့်ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မကွေးမြို့ဖန်ခါးမြေဘိုးဘွားရိပ်သာသို့သွားရောက်၍ ဘိုးဘွားများကို ဦးခိုက်ကန်တော့ကြကာ ဘိုးဘွားများအတွက်ထောက်ပံ့ငွေများပေးအပ်ပြီး ရိပ်သာအတွင်းဘိုးဘွားများ၏ စားသောက်နေထိုင်မှုအတွက် ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာန မကွေးကလေးပြုစုရေးဌာန သို့ ရောက်ရှိပြီးကလေးများကို ပြုစုစောင့်ရှောက်နိုင်ရေးအတွက် ဝန်ထမ်းအင်အားဖြည့်တင်းပေးနိုင်ရေး၊ လေဝင်လေထွက်နှင့် အလင်းရောင်ကောင်းမွန်စွာရရှိရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိတွေ့ခံစားနိုင်ရေးဆောင်ရွက်သွားရမည့် ကိစ္စရပ်များကိုမှာကြားကာ ကလေးပြုစုရေးဌာနအတွင်း ပြုစုစောင့်ရှောက်နေမှု အခြေအနေများကိုလှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ရှိလူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်သူနှင့်ဆက်ဆံရသောဌာနဖြစ်၍ လူမှုဝန်ထမ်းသမားကောင်းများပီသစွာဖြင့် ဆက်ဆံရေးပြေပြစ်ရန်၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာများကျွမ်းကျင်ရန်နှင့် လုပ်ငန်းအခက်အခဲများကို မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းဖြေရှင်းကြရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်