Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပမည့် လဟာပြင်ကဇာတ်ရုံ၌ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၅

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းတွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပမည့် နေပြည်တော်မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

​ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းဆောင်၌တာဝန်ရှိသူများက အကယ်ဒမီပေးပွဲစင်မြင့် တည်ဆောက်နေသည့် လူအင်အား၊ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နေမှု၊ သီဆိုဖျော်ဖြေမည့် တေးသံရှင်များနှင့်တေးသီချင်းများ ရွေးချယ်လျာထားမှု၊ LED တပ်ဆင်နေမှုနှင့် အသံစနစ်အတွက် လိုအပ်သည့်ပစ္စည်းများ ရောက်ရှိမည့်ရက်၊ အစမ်းလေ့ကျင့်မည့်ရက်၊ ရွှေကြိုများကြိုတင်ဇာတ်တိုက်လေ့ကျင့်နေမှု၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးကိစ္စရပ်များ၊ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည့် အကယ်ဒမီဆုပေးပွဲစင်မြင့် တည်​ဆောက်​နေမှု၊ ဖွင့်ပွဲတွင်နည်းပညာမြင့် 3D Projection Mapping စနစ်ဖြင့်ဖွင့်လှစ်ရန် ဆောင်ရွက်ထားမှု၊ LED ဘုတ်များတပ်ဆင်နေမှု၊ ဖျော်ဖြေရေးစင်မြင့်များ တည်ဆောက်​နေမှု၊ မီးအလှဆင်ခြင်း၊ ဂုဏ်ပြုခံ လျှောက်လမ်း (Red Carpet)နေရာ၊ အခမ်းအနားသို့တက်ရောက် ကြမည့်သူများအတွက် နေရာထိုင်ခင်းနှင့် လေအေးပေးစက်များ စီစဉ်ဆောင်ရွက်မည့်အ​​ခြေအ​နေ၊ မီဒီယာဇုန်သတ်မှတ်ထားမှု၊ မီးရှူးမီးပန်းများပစ်ဖောက်မည့် အခြေအနေနှင့်မုခ်ဦးများတည်ဆောက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင် အသံပိုင်းနှင့် မီးပိုင်းဆိုင်ရာကိစ္စရပ်များ လစ်ဟာမှုမရှိအောင်ကြိုတင်ပြင်ဆင်ထားရှိရန်၊ ရာသီဥတုအခြေအနေကို ထည့်သွင်းတွက်ချက်ထားရန်၊ သယ်ယူပို့ဆောင်ရေးနှင့် တည်းခိုနေထိုင်ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရန်၊ အခမ်းအနားအစီအစဉ် များ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို မေ ၆ ရက်တွင် နေပြည်တော်မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ခမ်းနားထည်ဝါစွာကျင်းပသွားမည်ဖြစ်သည်။ ယခုနှစ်တွင် အခမ်းအနားသို့တက်ရောက်လာကြသည့် အနုပညာရှင်များအနက်မှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို ဖက်ရှင်ဆုများ (Fashion Awards) ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်