Skip to main content

စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း ဆရာ ဆရာမများအတွက် grade - 10 သင်ရိုး စိုက်ပျိုးရေးနှင့်မွေးမြူရေးအထူးပြုပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

နေပြည်တော် ဧပြီ ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း ဆရာ ဆရာမများအတွက် grade -10 သင်ရိုး စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြုပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည် မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့တွင်ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိ သူများ၊ သင်တန်းပို့ချမည့် ဆရာဆရာမများ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ သင်တန်းသား ဆရာ ဆရာမများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက နိုင်ငံမှလိုအပ်သော အသိပညာ၊ အတတ်ပညာရှင်များနှင့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးကဏ္ဍနှင့် အခြားကဏ္ဍအသီးသီး တွင် ဆောင်ရွက်နေသည်နှင့်အမျှ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင်လည်း စိုက်ပျိုး - မွေးမြူရေးဆိုင်ရာ လုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စိုက်ပျိုး - မွေးမြူရေး ကျွမ်းကျင်သူများကို မွေးထုတ်ပေး ရန် လိုအပ်လျက်ရှိကြောင်း။

အရည်အသွေးတိုးတက်စေရန်

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား ကျောင်းသူများအားလုံး အလယ်တန်းအဆင့် (Grade 9) ပြီးမြောက်အောင်မြင် ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူ လေ့ကျင့်ခွင့် ရရှိနိုင်ရေးအတွက် ခရိုင် ၅၀ ၏ မြို့နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်း ၅၁ ကျောင်းတွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သင်ကြားရေး ဆရာဆရာမများ၏ အရည်အသွေးတိုးတက်မြင့်မားရေးသည် အလွန်အရေးကြီးသော ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ဆရာဆရာမများ၏ အရည်အချင်းများ၊ အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဆရာဆရာမများသည် နိုင်ငံ၏ လူစွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသူများဖြစ်၍ ဘာသာရပ်ဆိုင်ရာ ပညာရပ်များကို သင်ရိုးညွှန်းတမ်းဖြင့်သာ တင်းတိမ်မနေဘဲ မိမိကိုယ်တိုင်လည်း ခေတ်နှင့်လျော်ညီ သည့် နည်းပညာများ ပြည့်ဝနေအောင် အမြဲလေ့လာဆည်းပူးပြီး ကျောင်းသား ကျောင်းသူများကိုစာတွေ့၊ လက်တွေ့သင်ကြားပေးသည့်အခါတွင်လည်း အထိရောက်ဆုံး၊ အအောင်မြင်ဆုံးဖြစ်အောင် ကြိုးစားသွားဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

လေးပတ်ကြာမြင့်မည်

အဆိုပါ grade-10 သင်ရိုး စိုက်ပျိုးရေးနှင့်မွေးမြူရေးအထူးပြုပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု စွမ်းရည်မြှင့်တင်ရေးသင်တန်းသို့ စိုက်ပျိုးရေး ၁၀၃ ဦးနှင့် မွေးမြူရေး ၁၀၂ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ ၂၄ ရက် မှ မေ ၁၈ ရက်အထိ ရက်သတ္တလေးပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်