နေပြည်တော် မတ် ၂၇
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် PDF အမည်ခံအဖွဲ့များသည် ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ ဒလန်ဟုစွပ်စွဲကာဖမ်းဆီး၍ အကျပ်ကိုင်ခြင်း၊ ငွေကြေးတောင်းခံမှုများအပြင် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန်နှင့် သေကျေပျက်စီးစေရန်ရည်ရွယ်၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် အဝေးမှ ပစ်ခတ်ခြင်းတို့ကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။
နယ်မြေလုံခြုံရေးဆောင်ရွက်
ထိုသို့ပြစ်မှုများ ကျူးလွန်လျက်ရှိသည့် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ နေပြည်တော် PDF အမည်ခံ အကြမ်းဖက်အဖွဲ့သည် (၇၈) နှစ်မြောက် တပ်မတော်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း အပြစ်မဲ့ပြည်သူများစုဝေး၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့် နေရာများ၊ ခမ်းနားထည်ဝါစွာ စစ်ရေးပြအခမ်းအနား ကျင်းပပြုလုပ်နေသည့် စစ်ရေးပြကွင်း (ရှမ်းစု) နေရာတို့ကို ရက်စက်ယုတ်မာသော အကြံဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းများနှင့် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် အဝေးမှပစ်ခတ်ရန် စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေပြည်တော်ကောင်စီနယ်မြေအတွင်း ကွက်ပြည့်နင်း နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် မတ် ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် အဝေးမှ နှောင့်ယှက်ပစ်ခတ်ရန် စီစဉ်လျက်ရှိသည့် နေပြည်တော် PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ စိန်လွင်(ခ) မောင်စိန်(ခ)ခရေ ကို နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ဇီးဖြူပင်ကျေးရွာ အဝေရာဆည်အနီးရှိ သရက်ခြံအတွင်း၌ ၁၀၇ မမ ရှော့တိုက်ဒုံး တစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ စိန်လွင်(ခ)မောင်စိန်(ခ)ခရေ၏ ထွက်ဆိုချက် အရ ယင်းနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ် ဇီးဖြူပင်ကျေးရွာ အဝင်လမ်း အရှေ့ဘက်ရှိ တောင်ယာတဲ၌ ဝင်းမျိုးထက် (ခ) ဝင်းနိုး (ခ) ဘီလားကို ထပ်မံဖမ်းဆီးရမိခဲ့သည်။ တရားခံ ဝင်းမျိုးထက် (ခ) ဝင်းနိုး (ခ) ဘီလား၏ ထွက်ဆိုချက်အရ ၎င်း၏ယောက်ဖဖြစ်သူ NLD ပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း တရားခံပြေး ဟန်ဇော်မင်းနှင့် ခင်မျိုးသက်တို့ လင်မယားပိုင်ဆိုင်သည့် ဇီးဖြူပင်ကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်း၌ ၁၀၇ မမ ရှော့တိုက်ဒုံးတစ်လုံး သိုဝှက်သိမ်းဆည်းထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ နေအိမ်ခြံဝင်းအတွင်း မြေမြှုပ်သိမ်းဆည်းထား သော ၁၀၇ မမ ရှော့တိုက်ဒုံးတစ်လုံး ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၁၀၇ မမရှော့တိုက်ဒုံး နှစ်လုံး၏ ထိပ်ဖူးများနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများကို အဝေရာဆည်အနီးနှင့် ဇီးဖြူပင်ရွာတို့၌ ဝှက်ထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ အဝေရာဆည်အနီး ချုံပုတ်အတွင်းမှ ၁၀၇ မမ ရှော့တိုက်ဒုံး ထိပ်ဖူးနှစ်ခု၊ ဆားကစ်ပြား နှစ်ခုနှင့် Remote တစ်ခုတို့ကိုလည်းကောင်း၊ ဇီးဖြူပင်ရွာနေ တရားခံပြေး သန်းထွန်း(ခ)ချင်းတွင်း ၏ နေအိမ်အတွင်းမှ MG-1 လက်ပစ်ဗုံး တစ်လုံး၊ လက်ပစ်ဗုံးစနက်တံ လေးခု၊ လျှပ်စစ် ဒီတိုနေတာ ၁၆ ခု၊ ယမ်းပျော့ လေးချောင်းနှင့် ဖောက်ခွဲ ရေးဆက်စပ်ပစ္စည်းများကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ထပ်မံသိမ်းဆည်းရမိ
ထို့အပြင် မတ် ၂၅ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိတရားခံများကို နေပြည်တော် PDF အမည်ခံအကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဖမ်းဆီး ရန်ကျန်တရားခံ ဗိုလ်တေဇ(ခ)ဟန်မင်းထွန်းမှ ၁၀၇ မမ ရှော့တိုက်ဒုံး ပစ်ခတ်နည်း သင်ကြားပေးခဲ့သည့် မရမ်းတောင်(အထက်)ကျေးရွာ အနီး၌ သိုဝှက်သိမ်းဆည်းထားသည့် ပစ္စတိုအပစ်လက်ကိုင်တစ်ခု၊ စနိုက်ပါမှန်ပြောင်းတစ်ခု၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ် မိုင်း တစ်လုံး၊ ၁၂ ဗို့ကျည် ၁၄၆ တောင့်၊ ယမ်းပျော့ တစ်ချောင်း၊ ယမ်းမှုန့် ၅၀ ကျပ်သား၊ အစိမ်းရောင် ကျောပိုးအိတ်တစ်လုံး၊ ပြောက်ကျားပုခက် လေးခု၊ သေနတ်လွယ်ကြိုးတစ်ချောင်းနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံကျားနှစ်ဦးကို ၁၀၇ မမ ရှော့တိုက်ဒုံးနှစ်လုံး၊ ၁၀၇ မမ ရှော့တိုက်ဒုံး ထိပ်ဖူး နှစ်ခု၊ ဆားကစ်ပြားနှစ်ခု၊ Remote တစ်ခု၊ ပစ္စတိုအပစ်လက်ကိုင်တစ်ခု၊ စနိုက်ပါမှန်ပြောင်း တစ်ခု၊ MG-1 လက်ပစ်ဗုံးတစ်လုံး၊ လက်ပစ်ဗုံးစနက်တံလေးခု၊ PVC ပိုက်ဖြင့် ပြုလုပ် ထားသည့် လက်လုပ်မိုင်း တစ်လုံး၊ ၁၂ ဗို့ကျည် ၁၄၆ တောင့်၊ လျှပ်စစ်ဒီတိုနေတာ ၁၆ ခု၊ ယမ်းပျော့ ငါးချောင်း၊ ယမ်းမှုန့် ၅၀ ကျပ်သား၊ အစိမ်းရောင် ကျောပိုးအိတ်တစ်လုံး၊ ပြောက်ကျားပုခက် လေးခု၊ သေနတ်လွယ်ကြိုးတစ်ချောင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့နှစ်ဦးသည် NLD ပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း တရားခံပြေး ဟန်ဇော်မင်း၏ ချိတ်ဆက်ပေးမှုဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့ဝန်းကျင်တွင် လှုပ်ရှားလျက်ရှိသော ဖမ်းဆီးရန်ကျန် တရားခံ ဗိုလ်တေဇ (ခ) ဟန်မင်းထွန်း ခေါင်းဆောင်သည့် နေပြည်တော် PDF အမည်ခံအကြမ်းဖက် အဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း၊ မတ် ၂၂ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ ဗိုလ်တေဇ (ခ)ဟန်မင်းထွန်း၊ စိန်လွင် (ခ) မောင်စိန် (ခ) ခရေနှင့် ဝင်းမျိုးထက် (ခ) ဝင်းနိုး (ခ) ဘီလားတို့ သုံးဦးသည် မော်တော်ဆိုင်ကယ်နှစ်စီးဖြင့် ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သယ်ဆောင်၍ ဖယ်ခုံမြို့ဝန်းကျင်မှ ပျဉ်းမနားမြို့နယ် မရမ်းတောင် (အထက်)ကျေးရွာသို့ လာရောက်ခဲ့ပြီး မရမ်းတောင် (အထက်) ကျေးရွာအနီး တောအတွင်း၌ ၁၀၇ မမ ရှော့တိုက်ဒုံး တပ်ဆင်ပုံနှင့် ပစ်ခတ်နည်း အဆင့်ဆင့်အား လေ့ကျင့်သင်ကြားခဲ့ကြောင်း၊ ယင်းနောက် ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများကို နေရာလေးနေရာခွဲ၍ သိုဝှက်သိမ်းဆည်းထားခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ နေပြည်တော် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဖမ်းဆီးရန်ကျန်တရားခံ ဗိုလ်တေဇ(ခ)ဟန်မင်းထွန်း၏ စေခိုင်းမှုဖြင့် သိမ်းဆည်းရမိ ၁၀၇ မမ ရှော့တိုက်ဒုံးများနှင့် ဖောက်ခွဲရေးပစ္စည်းများ အသုံးပြုကာ ရက်စက် ယုတ်မာသောအကြံဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေကျေပျက်စီးစေရန်ရည်ရွယ်၍ (၇၈)နှစ်မြောက် တပ်မတော်နေ့တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း အပြစ်မဲ့ပြည်သူများစုဝေး၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့်နေရာများ၊ ခမ်းနားထည်ဝါစွာ စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်နေသည့် စစ်ရေးပြကွင်း(ရှမ်းစု) နေရာတို့ကို အချိန်ကိုက် ပစ်ခတ်ဖောက်ခွဲခြင်းများ လုပ်ဆောင်ရန် စီစဉ်ထားသော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ကြိုတင်သတင်းလက်ဦးမှုရယူကာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းကြောင့် အချိန်မီ တားဆီးကာကွယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပြီး ၎င်းတို့နှင့် သက်ဆိုင်သည့် ဆက်စပ်တရားခံများကိုလည်း ဆက်လက်ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့၊ ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်