နေပြည်တော် မတ် ၂၇
(၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ် ဒုတိယအဆင့်တစ်ဦးနှင့် တတိယအဆင့်လေးဦး စုစုပေါင်း ငါးဦးတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်တို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်း ဧည့်ခံ၍ ဂါရဝပြုတွေ့ဆုံသည်။
အားပေးစကားပြောကြား
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များ၏ ကျန်းမာရေးအခြေအနေများအား တစ်ဦးချင်းမေးမြန်း အားပေးစကား ပြောကြားပြီး အားဖြည့်ငှက်သိုက်များနှင့် ဂါရဝပြုချီးမြှင့်ငွေများကို ကိုယ်တိုင်ကိုယ်ကျ ဂါရဝပြုပေးအပ်ကြသည်။
စားသောက်ဖွယ်ရာများအတူတကွသုံးဆောင်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီးတို့သည် လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များနှင့်အတူ လက်ဖက်ရည်နှင့် စားသောက်ဖွယ်ရာများအား အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်