Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

ပထမဦးဆုံးပြောချင်တာက မြဝတီကုန်သွယ်ရေးဇုန်ကို PDF အမည်ခံအကြမ်းဖက်အဖွဲ့၊ KNU အဖွဲ့ခွဲထွက် KKO အမည်ခံအကြမ်းဖက်အဖွဲ့တွေက ၂၅ ရက်နေ့မနက် ၆ နာရီကျော်ကျော်တွင် တိုက်ခိုက်ခဲ့တာရှိပါတယ်။ ပထမဦးဆုံးပြောချင်တာက ဒီဖြစ်စဉ်က မိုက်မဲတဲ့ဖြစ်စဉ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်မှာရှိတဲ့ကရင် ပြည်သူလူထု၊ အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အဓိကမှီခိုနေတာသည် မြဝတီကုန်သွယ်ရေးစခန်းဖြစ်ပါတယ်။ မြဝတီကုန်သွယ်ရေးစခန်းသည် လုပ်ငန်းများစွာကိုလည်း ဖန်တီးပေးနိုင်တယ်။ ဒေသဖွံ့ဖြိုးရေးအတွက်လည်း ဆောင်ရွက်ပေးတဲ့နေရာ အဓိကနေရာလည်းဖြစ်ပါတယ်။ ဒီနေရာကို အဓိကတိုက်ခိုက်တာက ဆင်ခြင်မှုကင်းမဲ့တဲ့လုပ်ရပ်၊ အကြမ်းဖက်လုပ်ရပ်၊ ဒေသခံတွေနဲ့ ပြည်နယ်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက်ပေးတဲ့လုပ်ရပ်၊ မိုက်မဲတဲ့လုပ်ရပ်လို့ ကျွန်တော်ပြောချင်ပါတယ်။

လူသားမဆန်တဲ့လုပ်ရပ်

မြဝတီကုန်သွယ်ရေးဇုန်ရဲ့ အနောက်ဘက်မီတာ ၂၀၀ လောက်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်။ ကုန်သွယ်ရေးဇုန်အဆောက်အဦအတွင်း X- Ray စက်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာရှိပါတယ်။ ကုန်သွယ်ရေးဇုန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်။ အဲဒီအချိန်မှာ ရဲတပ်ဖွဲ့ဝင် သုံးဦး၊ အကောက်ခွန်က ဝန်ထမ်းတစ်ဦးကျဆုံးခဲ့တယ်။ အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးခဲ့တာတွေ့ရပါတယ်။ အဆက်အသွယ် ပြတ်တောက်နေတဲ့ တချို့သောရဲတပ်ဖွဲ့ဝင်တွေလည်းရှိပါတယ်။ သေဆုံးတဲ့ရဲတပ်ဖွဲ့ဝင်၊ အကောက်ခွန်ကဝန်ထမ်း၊ အပြစ်မဲ့ ပြည်သူတွေကိုလည်း အဲဒီအဆောက်အအုံထဲမှာပဲ အလောင်းတွေကို မီးရှို့ ထားတာတွေ့ရပါတယ်။ လူသားမဆန်တဲ့လုပ်ရပ်တွေ၊ စစ်ရာဇဝတ်ကျူးလွန်ခဲ့တဲ့လုပ်ရပ်ကိုလည်း တွေ့ရပါတယ်။ အခုနောက်ဆုံးအခြေအနေက မြဝတီမြို့ထဲမှာ နယ်ခြားစောင့်တပ်တွေ၊ တပ်မတော်နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းနိုင်တဲ့အခြေအနေတွေရှိပါတယ်။

အဓိကကုန်သွယ်ရေးစခန်းဖြစ်

အမှတ် (၁)တံတားကို ပြန်ဖွင့်ပါတယ်။ အသွားအလာတော့ နည်းနေပါတယ်။ ဒီနေ့မနက် ၅ နာရီခွဲတွင် ကော့ကရိတ်မှာ PDF အမည်ခံအကြမ်းဖက်တွေနဲ့ KKO အဖွဲ့တွေက ရမ်းသမ်းပစ်ခတ်တဲ့အတွက် ဆောက်လုပ်ရေးရုံးရဲ့ အနောက်ဘက်မှာ လက်နက်ကြီးကျည်တစ်ခုကျတယ်။ အဲဒီမှာရှိတဲ့ အပြစ်မဲ့အရပ်သားပြည်သူအသက် ၁၄ နှစ်တစ်ယောက်သေဆုံးခဲ့တယ်။ ဒီနေ့မှာပဲ လမ်းမကြီးပေါ်မှာရှိတဲ့ ဆိတ်ဖူးတောင်နဲ့ဝက်သန်းကြားမှာရှိတဲ့ ရေပြွန်တံတားကိုလည်း ဖောက်ခွဲပျက်စီးခဲ့တဲ့ဖြစ်စဉ်ရှိပါတယ်။ မြဝတီကုန်သွယ်ရေးဇုန်ဟာ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်တင်မကပဲ တစ်နိုင်ငံလုံးမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းထဲမှာ အဓိကကုန်သွယ်ရေးစခန်းလည်းဖြစ်ပါတယ်။ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၈၆ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၇၁ သန်းကျော်နဲ့ စာရင်းဇယားအရ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့တဲ့နေရာဖြစ်ပါတယ်။

သာမန်ပြည်သူလူထုရဲ့ ထမင်းအိုးကိုရိုက်ခွဲ

မြန်မာဘက်က ကုန်သွယ်မှုပိုငွေ ရရှိခဲ့တဲ့နေရာဖြစ်ပါတယ်။ ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေး ပို့ကုန်အားလုံး ရဲ့ ၂၂ ဒသမ ၇ ရာခိုင်နှုန်းလောက်ပို့တဲ့နေရာဖြစ်ပါတယ်။ အဓိကပို့ကုန်တွေကို ကြည့်မယ်ဆိုရင် စိုက်ပျိုးရေးပို့ကုန်ဖြစ်တဲ့ မြေပဲ၊ ကြက်သွန်နီ၊ နှမ်း၊ ရော်ဘာ၊ ပြောင်းတို့ပို့တာပဲဖြစ်ပါတယ်။ ဒီလိုမျိုး နေရာတွေကို အကြမ်းဖက်အဖွဲ့ ဝင်ရောက်တိုက်ခိုက်တာသည် ဒေသဖွံ့ဖြိုးရေးအတွက်တင်မကဘဲ တစ်နိုင်ငံလုံးမှာ ပြည်သူလူထုရဲ့ ၇၀ ရာခိုင်နှုန်းကျော်အထိ မြို့ပေါ်မှာနေတာမဟုတ်ဘဲ ရွာတွေမှာနေကြတယ်။ စိုက်ပျိုးမွေးမြူရေးကို အဓိကထားလုပ်ကြတယ်။ သူတို့ရဲ့ထွက်ကုန်တွေသည် မြဝတီကုန်သွယ်မှု ဂိတ်ကနေအများဆုံးပို့နေတဲ့ထွက်ကုန်တွေဖြစ်ပါတယ်။ ဒါလုပ်ဆောင်ခြင်းသည် သာမန်ပြည်သူလူထုရဲ့ စားဝတ်နေရေးထမင်းအိုးကိုရိုက်ခွဲတာပါပဲ။

တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်လျက်ရှိ

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ အမြန်ဆုံးတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်လျက်ရှိတယ်။ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်နဲ့လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရေးကို အဓိကခြယ်လှယ်သူအားလုံးကို ကျွန်တော်တို့အနေနဲ့ ပြတ်ပြတ်သားသားပြန်လည်ချေမှုန်းသွားမှာဖြစ်တယ်။ ပြည်သူလူထုကော၊ ကျန်တဲ့အဖွဲ့အစည်းများအနေနဲ့လည်း ကုန်သွယ်ရေးမှာ အဓိကကျတဲ့ သာမန်ပြည်သူလူထုရဲ့စားဝတ်နေရေးကိုထိခိုက်စေတဲ့ သာမန်ပြည်သူလူထုရဲ့ အဓိကစိုက်ပျိုးရေးထုတ်ကုန်တွေကို တင်ပို့နေတဲ့စခန်းကို နှောင့်ယှက်ခဲ့တဲ့သူများကို ပြည်သူ့ရန်သူအဖြစ် ပြတ်ပြတ်သားသား ချေမှုန်းတဲ့နေရာမှာပူးပေါင်းပါဝင်ကြဖို့ ကျွန်တော့်အနေနဲ့တိုက်တွန်းလိုပါတယ်။ ကျေးဇူးတင်ပါတယ်။