နေပြည်တော် မတ် ၂၆
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ ကုန်စည်စီးဆင်းမှုအား နှောင့်နှေးကြန့်ကြာစေရန်နှင့် ဒေသခံပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန် ရည်ရွယ်၍ မတ် ၂၅ ရက်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ မြဝတီကုန်သွယ်ရေးဇုန်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုကြောင့် ကုန်သွယ်ရေးဇုန်အဆောက်အဦနှင့် X-Ray စက်တို့ပျက်စီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာများရရှိခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်း ၁ ဦးနှင့် ဒေသခံအပြစ်မဲ့အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးတို့က ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များအား လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။