နေပြည်တော် မတ် ၂၅
ပအိုဝ်းနှင့် ဓနုဒေသများ၌ နွားမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည်ဒေသတွင်း သမဝါယမအသင်းများမှ အသင်းသူအသင်းသားများနှင့် မတ် ၂၁ ရက်က တွေ့ဆုံဆွေးနွေးသည်။
ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်မွန်ကျေးရွာရှိ ရွှေတက်တိုးမွေးမြူရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၏ နွားအကောင်ရေ ၃၀ မွေးမြူလျက်ရှိသော သမဝါယမအသင်း အမှုဆောင်များ၊ အသင်းသူအသင်းသားများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသနွားမျိုးများ မွေးမြူရေး၊ ခြံလှောင်စနစ်ဖြင့် မွေးမြူရေး၊ ထွက်ရှိလာသောစွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာ ထုတ်လုပ်ရေးမှာကြားသည်။
ဆက်လက်၍ သမဝါယမဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးသောင်းနိုင်က သမဝါယမအသင်း ဖွဲ့စည်းဆောင်ရွက်မှုနှင့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဒေသဦးစီးမှူး ဒေါ်နီနီဝင်းကပင်းလောင်းမြို့နယ်အတွင်း နွားမွေးမြူရေးလုပ်ငန်းများ အခြေအနေ၊ မျိုးချောင်းစနစ်ဖြင့် မေထုန်မဲ့သားစပ်လုပ်ငန်းများ အခြေအနေနှင့် ကုသရေးလုပ်ငန်းဆိုင်ရာများကို လည်းကောင်း၊ ယွန်းလျှံလယ်ယာအထောက်အကူပြု ကုမ္ပဏီမှဦးအောင်မျိုးဦးက နွားမွေးမြူရေးအတွက် နေဗီယာမြက်များ စိုက်ပျိုးနိုင်ရေးနှင့် တောင်သူများ ၏ စိုက်ခင်းများတွင် ဝင်ငွေရ ကြီးမြန်သစ်ပင်များ စိုက်ပျိုးနိုင်ရေးကိုလည်းကောင်း ဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်သရက်ကုန်းကျေးရွာရှိ ထွန်းတောက်ကြယ်မွေးမြူရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်း၏ နွားအကောင်ရေ ၆၀ မွေးမြူလျက်ရှိသော သမဝါယမအသင်းအမှုဆောင်များ၊ အသင်းသူအသင်းသားများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး နွားမွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေသည့် အခြေအနေ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသောဝါးခမောက်ထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းအခြေအနေများကို ကြည့်ရှုစစ်ဆေးကာလိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပင်းတယမြို့နယ်ဝါတရာကျေးရွာမှ ဝါတရာမွေးမြူရေးနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်း၏ နွားအကောင်ရေ ၁၁၀ မွေးမြူလျက်ရှိသည့် အခြေအနေများ၊ ဝါတရာ၊ ရှောက်ပင်၊ ရှားပြား၊ မြောက်မြေခြားကျေးရွာလေးရွာအတွက် ရေရရှိရေးလုပ်ငန်းဆောင်ရွက်မည့် အခြေအနေများ၊ ကလောမြို့နယ်၊ ဝါးရုံပင်ကျေးရွာ၌ နေဗီယာမွေးမြူရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းဖွဲ့စည်းလျက် နွားကောင်ရေ ၁၀၈ ကောင် မွေးမြူနိုင်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်