Skip to main content

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ဖြစ်ပေါ်စေရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မတ် ၂၅

ပြည်တွင်းစက်မှုလုပ်ငန်းများ အတွက်သာမကပြည်ပပို့ကုန်တွင်လည်း အရေးပါသောစက်မှု ကုန်ကြမ်းသီးနှံတစ်ခုဖြစ်သည့် ရော်ဘာကိုတစ်နိုင်ငံလုံး၌ ဧက ၁၆ သိန်းခန့် စိုက်ပျိုးလုပ်ကိုင် လျက်ရှိပြီး တနင်္သာရီတိုင်းဒေသကြီး၌ ဒုတိယအများဆုံး စိုက်ပျိုးလျက်ရှိကြောင်း၊ နှစ်ရှည်ပင်ဖြစ်သည့်အတွက် မျိုးရွေးချယ်မှု မှန်ကန်ရေးနှင့် ပြုစုစောင့်ရှောက် ရေးလုပ်ငန်းများစနစ်ကျမှန်ကန် စေရေးတို့အတွက်လိုအပ်သော နည်းပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း မတ် ၂၃ ရက်က တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မြိတ်မြို့နယ်ရှိနှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(ရွှေဒူး)၌ကျင်းပသည့် မိုးကာအစေးခြစ် စနစ် (Rain-guard Tapping System) ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ကွင်းသရုပ်ပြပွဲအခမ်းအနား တွင် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက နိုင်ငံတကာ မိုးကာအစေးခြစ် စနစ်များ၏ အားနည်းချက်၊ အားသာချက်နှင့် ဒေသနှင့်ကိုက်ညီသည့် စနစ်များ ကို ရှင်းလင်းတင်ပြပြီး တက် ရောက်လာသည့် ပုဂ္ဂလိကရော်ဘာ ခြံပိုင်ရှင်များအား ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က လိမ္မော်ပျိုးပင်များ၊ အစေးခြစ်ဓားနှင့် ခြံသုံးပစ္စည်းများကိုပေးအပ်သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြိတ်မြို့နယ်စန္ဒဝတ်ကျေးရွာ တောင်သူဦးချမ်းအေး၏ လယ်မြေ ၌ ကျင်းပသည့် အကျိုးဆောင် တောင်သူများကို ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲနှင့် နွေစပါးတွင်ကျရောက်တတ်သော ပိုးမွှားရောဂါများကာကွယ်နှိမ်နင်းခြင်း ကွင်းသရုပ်ပြပွဲသို့ ရောက်ရှိကြပြီးဒေသ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူတစ်ဦးချင်း၏ ထုတ်လုပ်မှုစွမ်းအား မြှင့်တင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

ဒုတိယဝန်ကြီးက အကျိုးဆောင်တောင်သူများကို ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူဦးချမ်းအေး၏ နွေစပါးစံပြကွက်နှင့်ပိုးမွှားရောဂါကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှု၊ မြေဆီလွှာ ထိမ်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့်ခေတ်မီ လယ်ယာသုံးစက်ကိရိယာ အသုံးပြုလုပ်ကိုင်နေမှုများကို ကြည့်ရှုအားပေးသည်။

တနင်္သာရီ တိုင်းဒေသကြီးသည် ယခင်နှစ်ကစပါးတစ်ဧကအထွက်နှုန်း ၇၀ ဒသမ ၂၅ တင်း ဖြင့် ဒေသဝမ်းစာဖူလုံမှု ၇၂ ဒသမ ၅၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင်မိုးစပါး တစ်ဧကအထွက်နှုန်း ၇၁ ဒသမ ၇၉ တင်းဖြင့် ဒေသဝမ်းစာ ဖူလုံမှု ၇၂ ဒသမ ၈၇ ရာခိုင်နှုန်း ခန့် တိုးတက်ခဲ့ကြောင်း သိရ သည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီး သည် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ဆီအုန်းလုပ်ငန်းရှင် များနှင့်တွေ့ဆုံ၍ ဆီအုန်းထုတ်လုပ်မှုနည်းပညာနှင့်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်လုပ်ကိုင်နိုင်ရေး၊ လုပ်ကွက်ငယ် တောင်သူများကိုအားပေးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေဘဲအားလုံးပါဝင်ပြီး ရေရှည်တည်တံ့သောလုပ်ငန်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု တစ်စုတစ်စည်းတည်းရှိနေသည့် တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းနှင့်သက်ဆိုင်သည့် အသင်းအဖွဲ့တည်ထောင်ဆောင် ရွက်ရန်၊ ဆီကြမ်းနှင့် ဆီချောစက်ရုံများ တည်ထောင်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 သတင်းစဉ်