Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကို အနုပညာအထက်တန်းကျောင်း (မန္တလေး) ၂၀၂၂- ၂၀၂၃ခု ပညာသင်နှစ် သင်တန်းဆင်းလက်မှတ်ပေးအပ်

နေပြည်တော် မတ် ၂၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် အမျိုးသားဇာတ်ရုံ(မန္တလေး)၌ ကျင်းပသည့် အနုပညာအထက်တန်းကျောင်း(မန္တလေး) ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ၊ စွမ်းရည်ပြကျောင်းဆင်းလက်ရာမွန်ပြပွဲနှင့် ပဒေသာကပွဲသို့ တက်ရောက်သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပျိုးဥယျာဉ်တစ်ခုဖြစ်လာမည့် ပန်တျာကျောင်းသည် ၁၉၅၃ ခုနှစ်ကစတင်ပြီး မန္တလေး၌ သန္ဓေတည်ခဲ့ ပါကြောင်း၊ ဂီတသဘင်ပညာရှင်များကို မွေးထုတ်ပေး ခဲ့ပါကြောင်း၊ သဘင်ဂီတမျိုးဆက်များ မွေးထုတ်ပေးသကဲ့သို့ ပန်းချီပန်းပုမျိုးဆက်များကိုလည်း မွေးထုတ်ပေးခဲ့ပါကြောင်း၊ အောင်မြင်ထင်ရှားသည့် ပန်းချီပန်းပုပညာရှင်များနှင့် သဘင်ဂီတပညာရှင် ပေါင်းများစွာသည် ပန်တျာနှင့် ပန်းချီပန်းပုကျောင်း တော်ကြီးများ၌ ပညာရည်နို့သောက်စို့ခဲ့ကြပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ပန်တျာနှင့်ပန်းချီပန်းပုကျောင်းကို အနုပညာအထက်တန်းကျောင်းအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ယခင်က ပန်တျာကျောင်းတွင် သဘင်၊ ဂီတနှင့် ပန်းချီပန်းပုကျောင်းတွင် ပန်းချီပန်းပုဘာသာရပ်သာ သင်ကြားပေးပါကြောင်း၊ ယနေ့အနုပညာ အထက်တန်းကျောင်း ဖြစ်လာသည့်အချိန်တွင် အဆိုပါအနုသုခုမပညာရပ်များအပြင် အထက်တန်း ကျောင်းဘာသာရပ်များကိုပါ သင်ယူခွင့်ပေးခဲ့ပါကြောင်း၊ ထိုမှတစ်ဆင့်အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်သို့ တက်ရောက်၍ B.A, M.A အထိ တက်လှမ်းနိုင်သည့်လမ်းကြောင်းကို ခင်းပေးထားပါကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပညာရေးသည် အသက်မွေးဝမ်းကျောင်းပညာရေး (Vocational Education) ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး၌ရှိသည့် သဘင်၊ ဂီတ၊ ပန်းချီပန်းပုနှင့် ရုပ်ရှင် ပြဇာတ်စသည့် အနုပညာရပ်ဝန်းများတွင် ရှင်သန်ရပ်တည်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ တတ်ကျွမ်း ရာ အနုပညာနှင့်နိုင်ငံကိုအကျိုးပြုကြရမည်ဖြစ်ပြီး ယဉ်ကျေးမှုအမွေကို ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ပါကြောင်း။

ယနေ့သင်တန်းဆင်းပွဲတွင် ပန်တျာဌာနမှ သင်တန်းသား သင်တန်းသူ ၁၂ ဦးနှင့် ပန်းချီပန်းပုဌာနမှသင်တန်းသားလေးဦးတို့ သင်တန်းဆင်းကြမည်ဖြစ်ပါကြောင်း၊ သင်တန်းဆင်း မောင်မယ်တို့အနေဖြင့် ကျောင်းတော်ကြီးက သင်ကြားပို့ချပေးလိုက်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ပြီး မိမိတို့တတ်စွမ်းသမျှ တိုးတက်ပြန့်ပွားအောင် ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် မိမိတို့အားပညာသင်ကြားပေးလိုက်သည့် မိခင်ကျောင်းတော်ကြီး၏ ဂုဏ်သိက္ခာ၊ အနုပညာဦးစီးဌာန၏ ဂုဏ်သိက္ခာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဂုဏ်သိက္ခာနှင့်နိုင်ငံတော်၏ဂုဏ်သိက္ခာကို မြှင့်တင်နေခြင်းပင် ဖြစ်ပါကြောင်း။ နိုင်ငံတော်၏ဦးတည်ချက် (၁၂) ရပ်တွင် ပါဝင်သည့် “တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီးအမျိုးသားရေး စိတ်ဓာတ်ကိုအခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့်အချက်ကို အလေးနက်ထားကာ ကျရာတာဝန်၊ ရောက်ရာနေရာမှ ကြိုးပမ်းဆောင်ရွက်သွား ကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပန်တျာဌာနနှင့်ပန်းချီပန်းပုဌာနတို့မှသင်တန်းဆင်း ကျောင်းသားကျောင်းသူ ၁၆ ဦးတို့ကို သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ပြီး (အပေါ်ပုံ) မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းဆင်းထူးချွန် ကျောင်းသားငါးဦးကို ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်ကာ ကျောင်းသားကျောင်းသူများ တင်ဆက်ကပြသော ကျောင်းဆင်းစွမ်းရည်ပြ ပဒေသာကပွဲကို ကြည့်ရှုအားပေးကြပြီး ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များနှင့် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

သတင်းစဉ်