နေပြည်တော် မတ် ၂၄
မေ ၁ ရက်တွင် ကျရောက်မည့် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်အကိုင်အခွင့် အလမ်းများတိုးတက်ရရှိစေရန် ရည်ရွယ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများပြားသည့် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာစက်မှုဇုန်၌ အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများ၊ ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ ပြပွဲတွင် ပါဝင်ပြသသည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် အေဂျင်စီများ တက်ရောက်ကြသည်။
ဦးစွာဒုတိယဝန်ကြီးက မေ ၁ ရက်တွင် ကျရောက်မည့် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများပြားသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်တွင် အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း၊ ပြည်သူလူထု၏ လူနေမှုဘဝမြင့်မား တိုးတက်စေရန် ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးကောင်းမွန်ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချ နိုင်ရေး အလုပ်လုပ်နိုင်သူတိုင်း အလုပ်ရရှိရေးသည် အလွန်အရေးကြီးပါကြောင်း၊ အလုပ်အကိုင်များ တိုးတက်ရရှိနိုင်ရန် စက်မှုဇုန် ၁၃ ဇုန်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများပြားသည့် လှိုင်သာယာ စက်မှုဇုန်တွင် အလုပ်ရှာဖွေသူများကို အလုပ်ရှင်များနှင့် One Stop Service ဖြင့် တိုက်ရိုက်တွေ့ဆုံပြီး အလုပ်အကိုင်များရရှိနိုင်ရန် အလုပ်အကိုင်အခွင့် အလမ်းပြပွဲ(Job Fair)ကို ကျင်းပရခြင်းဖြစ်ကြောင်း။
အလုပ်သမားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန လက်အောက်တွင် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း ခုနစ်ကျောင်း ဖွင့်လှစ်ထားပြီး လုပ်သားထုကျွမ်းကျင်မှုဖွံ့ဖြိုးရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်သင်ကြားခြင်း၊ လုပ်သားဈေးကွက်တွင် လိုအပ်နေသော ကျွမ်းကျင်လုပ်သားရရှိစေရေးအတွက် အလုပ်အကိုင်အလိုက် အမျိုးသားအဆင့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတွင် ခရိုင်နှင့်မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး ၈၉ ရုံး ဖွင့်လှစ်၍ အလုပ် ရှာဖွေသူနှင့် အလုပ်သမားလိုအပ်သော အလုပ်ရှင်တို့အတွက် ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လိုသည့် နိုင်ငံသားပိုင် ကုမ္ပဏီများအား ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ကို ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီ ၇၃ ခု ရှိကြောင်း။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းပြပွဲ (Job Fair)များကို အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများနှင့် ပူးပေါင်း၍ တိုင်းဒေသကြီး/ပြည်နယ်များတွင် အလုပ်အကိုင်အခွင့် အလမ်းပြပွဲများ ကျင်းပခဲ့ရာ အကြိမ် ၇၀ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ အလုပ်လုပ်နိုင်သည့် အရွယ်ရောက် သူတိုင်းသင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ရရှိစေရေး ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်ပေးရန်အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်းနှင့် Stakeholders များ အားလုံးလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair)ကို အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အလုပ်လာရောက် လျှောက်ထားသူများ၊ ပြပွဲတွင် ပါဝင်ပြသသော ကုမ္ပဏီ များ၊ လုပ်ငန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
အဆိုပါ အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွင် ကုမ္ပဏီ ၁၈ ခုနှင့် ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ကိုးခုတို့က ပြခန်း စုစုပေါင်း ၃၀ ဖြင့် ပါဝင်ပြသခဲ့ကြောင်း သိရသည်။
သတင်းစဉ်