နေပြည်တော် မတ် ၂၄
ပြန်ကြားရေးဝန်ကြီးဌာန အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုအခြေခံသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော် ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက မိမိတို့ထမ်းဆောင်နေသည့် မီဒီယာလုပ်ငန်းတွင် အကျုံးဝင်နေသည့် ဘာသာစကားများအားလုံးကို သိရှိနှံ့စပ်နေမည်ဆိုပါကလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပိုမိုအဆင်ပြေချောမွေ့မည်ဖြစ်ပါကြောင်း၊ မီဒီယာလုပ်ငန်းတွင်သာမက ရုံးလုပ်ငန်းများတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြောဆိုဆက်သွယ်ရာ၌ အင်္ဂလိပ်ဘာသာသည် နိုင်ငံတကာသုံးဘာသာဖြစ်သည့်အတွက် အင်္ဂလိပ်ဘာသာစကား အရည်အသွေးကောင်းမွန် နေရန်လိုအပ်ပါကြောင်း။
နည်းပညာခေတ်ဟူ၍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ သတင်းအချက်အလက် နည်းပညာများသည်လည်း အချိန်နှင့်အမျှပြောင်းလဲတိုးတက်နေပါကြောင်း၊ အင်္ဂလိပ်ဘာသာအပြင် ကွန်ပျူတာ၊ ဒစ်ဂျစ်တယ် နည်းပညာတို့တွင် အင်္ဂလိပ်ဘာသာ အခြေခံကျွမ်းကျင်ရန် လိုအပ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် အင်္ဂလိပ်စာကျွမ်းကျင်မှု အခြေခံသင်တန်းမှ သင်ကြားပေးလိုက်သည့် အသိပညာများကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရေး ဆက်လက်လေ့လာ ကြိုးပမ်းဆောင်ရွက်သွား ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ပညာရေးဝန်ကြီးဌာနမှ သင်တန်းနည်းပြ ဆရာမဒေါ်စောလှနန္ဒာအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဌာနများမှဝန်ထမ်းများ အင်္ဂလိပ်စာအရည်အသွေးကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ ပထမအကြိမ်သင်တန်းကို ၂၀၂၁ ခုနှစ် ဧပြီ ၂၇ ရက်မှ ဇွန် ၂၂ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် သင်တန်းသားသင်တန်းသူ ၃၉ ဦးဖြင့် မတ် ၆ ရက် မှ ၂၄ ရက်အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်