နေပြည်တော် မတ် ၂၄
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၈၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ထူးချွန်ဝန်ထမ်းများအား ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက အဆိုပါဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးက မတ် ၂၆ ရက်သည် ဝန်ကြီးဌာန စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည့်နေ့ဖြစ်ရာ မိမိတို့ ဝန်ကြီးဌာနအတွက် ထူးခြားသည့် နေ့ထူးနေ့မြတ် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အား ၁၉၃၇ ခုနှစ် မတ် ၂၆ ရက်၌ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွား တိုးတက်စေရေး၊ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရေး အတွက်အရေးပါသည့် ကုန်သွယ်မှုကဏ္ဍတိုးတက်လာအောင် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင် ရွက်ခဲ့သည့်အပြင် နိုင်ငံတော်မှပေးအပ်သည့် တာဝန်များကိုလည်း ကျရာကဏ္ဍမှကျေပွန်စွာ ထမ်းဆောင်လာခဲ့သည်မှာ ယခု နှစ်တွင်(၈၆)နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်ပါကြောင်း။
ဝန်ကြီးဌာနရှိ အဆင့်မြင့်အရာရှိကြီးများနှင့် ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်း ဆောင်နေသည့် ဝန်ထမ်းများအနေ ဖြင့်လည်း အနာဂတ်ကာလတွင် ဝန်ကြီးဌာန၏ လုပ်ငန်းများကို ခေတ်စနစ်နှင့်အညီ မြန်ဆန် သွက်လက်စွာ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်၏ မူဝါဒများ ဟန်ချက်ညီစွာဖြင့် လိုက်ပါအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဝန်ထမ်းများ၏ ကိုယ်စီစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးတို့ကို အလေးထား ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ကြီးဌာနမှ စံပြဆုရဝန်ထမ်းများ၊ ထူးချွန်ဝန်ထမ်းများနှင့် သတင်းဆောင်းပါး ဆုရရှိသည့် ဝန်ထမ်းများကို ဆုများချီးမြှင့်ရာ ဝန်ထမ်းစံပြထူးချွန်ဆုရရှိသူများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများ၊ စစ်ရေးပြနှင့် သေနတ်ပစ်ထူးချွန်ဆုရရှိသူများ၊ ဝန်ကြီးဌာန ၏ ပညာပေးဆောင်းပါးများ ရေးသားမှုတွင် ဆုရရှိသူများ၊ အခြားသင်တန်းအသီးသီးမှ ဆုရရှိ သူများနှင့် ပြည်ထောင်စုဝန်ကြီးက ပေးအပ်သည့် အထူးဆုရရှိသူများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဆုများချီးမြှင့်ပေးကြပြီး ဝန်ထမ်းစံပြထူးချွန် ဆုရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Western Park Royal Restaurant ၌ ကျင်းပပြုလုပ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၈၆) နှစ်ပြည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြော ကြားပြီးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ ဝန်ထမ်းများ နှင့်အတူ ဂုဏ်ပြုညစာကို ရင်းနှီးပျော်ရွှင်စွာအတူတကွ သုံးဆောင်သည်။
အဆိုပါ အခမ်းအနားများသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ ပါဝင်တက်ရောက် ကြကြောင်း သိရသည်။
သတင်းစဉ်