ဘားအံ ဩဂုတ် ၁၀
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်းကျေးရွာများနှင့် ရေလယ်ကျွန်းကျေးရွာများတွင် လျှပ်စစ်မီးလင်း ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာများသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် သံလွင်မြစ်ရေလယ်ကျွန်းကျေးရွာများဖြစ်သော ရေပေါ်သောင် ကျွန်း ကျေးရွာ၊ ကော့ဖျံကျွန်းကျေးရွာနှင့် သံလွင်မြစ်အနောက်ဖက်ခြမ်းရှိ ကော့ဖြိုင်ကျေးရွာ၊ ဝတ်ကြီးကျေးရွာ၊ ထုံးတောင်ကျေးရွာ၊ သုံးအိမ်စုကျေးရွာများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လျှပ်စစ်မီးလင်းရေးဆိုင်ရာကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်းနှင့် ရေလယ်ကျွန်းကျေးရွာများ လျှပ်စစ်မီးလင်းရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သုံးအိမ်ကျေးရွာတွင် 33/11KV 5MVA လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးခွဲရုံတစ်ရုံကို တည်ဆောက်လျက်ရှိပြီး မဲလန်ကျေးရွာမှ ဘန့်ဘွေးကုန်းကျေးရွာနှင့် ရွှေလူကျေးရွာထိ ၁၁ ကေဗွီဓါတ်အားလိုင်း ACSR 95 m 2 ၆ ဒသမ ၃ မိုင်နှင့် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံး၊ ရွှေလူကျေးရွာမှ တော်သလေးခိုကျေးရွာထိ ၁၁ ကေဗွီ ဓါတ်အားလိုင်း ACSR 95m2 ၁ ဒသမ ၃ မိုင်နှင့် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံး၊ ကော့ဖျံကျေးရွာထိပ်မှ ကော့ဖျံကျွန်းနှင့်ရေပေါ်သောင်ကျွန်းကျေးရွာထိ မြစ်ကျော် ၆၀၀ ပေနှင့် မြစ်ကျော် ၇၀၀ ပေ (၂) ခု အပါအဝင် ၁၁ ကေဗွီဓါတ်အားလိုင်း ၂ ဒသမ ၁ မိုင် နှင့် ၁၆၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးစီ၊ ဘန့်ဘွေးကုန်း ကျေးရွာမှ ဝတ်ကြီးကျေးရွာထိ ၁၁ကေဗွီဓါတ်အားလိုင်း ACSR 95m2 ၃ ဒသမ ၁ မိုင်နှင့် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် ၂၀၀ ကေဗွီအေထရန်စဖော်မာ ၁ လုံး၊ မဲလံ-ဘန့်ဘွေးကုန်းဓါတ်အားလိုင်းမှ သုံးအိမ်ကျေးရွာနှင့်မဲလံချောင်းဖျား ကျေးရွာထိ ၁၁ ကေဗွီဓါတ်အားလိုင်း ၁ ဒသမ ၆ မိုင်နှင့် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံး၊ ရွှေလူကျေးရွာမှ ခရစ်ကျဲ ကျေးရွာ၊ ဝါးဘိုးကျေးရွာ၊ သစ်ဖြူကျေးရွာ၊ သုခအေးကျေးရွာ၊ ကော်တရာကျေးရွာနှင့် ကော့ဖျံ ကျေးရွာအထိ ၁၁ ကေဗွီ ဓါတ်အားလိုင်း ACSR 95m2 ၅ ဒသမ ၅ မိုင်နှင့် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၅ လုံးတို့ကို တည်ဆောက်တပ်ဆင် ပေးလျက်ရှိရာ 33/11KV 5MVA လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးဓါတ်အားခွဲရုံတည်ဆောက်ပြီးစီးသည်နှင့် အဆိုပါကျေးရွာ များတွင် ရာသီမရွေး ၂၄ နာရီ လျှပ်စစ်မီးလင်းတော့မည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)