နေပြည်တော် ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ထော်နွတ်ကျေးရွာအနီးရှိ သံကူကွန်ကရစ် တံတားအား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လယ် ၃ နာရီခန့်တွင် ညောင်လေးပင်မြို့နယ်၊ ထော်နွတ်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၉၀ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားရှိ သံကူကွန်ကရစ်အမျိုးအစား (ဒေသအခေါ်) တောင်ဘို့ ၃ လုံးတံတားအား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် အဆိုပါတံတား၏ အရှေ့ဘက်လက်ရမ်းနှင့် ကြမ်းခင်းတို့တွင် အလျား ၂၅ ပေ၊ အနံ ၁၀ ခန့် ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် တံတားအား အများပြည်သူ ပြန်လည်အသုံးပြုနိုင်ရေး တာဝန်ရှိသူများက ပြင်ဆင်လျက်ရှိကြောင်းနှင့် အကြမ်းဖက်မှု ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။