Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ ကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဖေဖော်ဝါရီ ၁၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ ကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်ချီးမြှင့်အပ်နှင်းပွဲကျင်းပရေး နာယကအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အစည်းအဝေးကို ဖွင့်လှစ်သည်။

အစည်းအဝေးတွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းပွဲကျင်းပရေး နာယကအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားများကို နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ် အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီးအတွင်း အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။

ဦးစီးကော်မတီဖြစ်သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ၁၂ ခု ဆက်လက်ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များ ကဏ္ဍအလိုက်ဆောင်ရွက်လျက်ရှိသည်ကို သိရကြောင်း၊ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲသည် ရှေးမြန်မာမင်းများ လက်ထက်ကပင်အစဉ်အလာကြီးမားခဲ့ပြီး မြန်မာနိုင်ငံအစိုးရ အဆက်ဆက်အလေးထားကျင်းပခဲ့သည့် နိုင်ငံတော်အဆင့်အခမ်းအနားကြီး ဖြစ်သည်နှင့်အညီ နှစ်စဉ်သာသနာတော်ကို အမြင့်မားဆုံး၊ အခမ်းနားဆုံး ချီးမြှောက်သည့် အခမ်းအနားကြီးဖြစ်ကြောင်း၊ လေယာဉ်ခရီးစဉ် အဆင်ပြေချောမွေ့စေရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ယခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းမှုနှင့်စပ်လျဉ်း၍ ပြည်တွင်းမှ ဆရာတော် ၃၈၂ ပါး၊ ပြည်ပမှ ဆရာတော် ၂၁ ပါး စုစုပေါင်း ဆရာတော် ၄၀၃ ပါး ဖြစ်ပြီး သီလရှင်ဆရာကြီးများအနေဖြင့် ၃၈ ပါးရှိသည်ကို သိရှိရကြောင်း၊ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အနေဖြင့် ပြည်တွင်း ၄၁ ဦး၊ ပြည်ပအမျိုးသမီး ၁ ဦး စုစုပေါင်း ၄၂ ဦးရှိကြောင်း၊ ၄၂ ဦးမှာ သာသနာပြုဘွဲ့ရ ၇ ဦးနှင့် သာသနာနုဂ္ဂဟဘွဲ့ရ ၃၅ ဦးဖြစ်ပြီး ပြည်ပမှဘွဲ့တံဆိပ်ရ အမျိုးသမီးများသည် သာသနာပြုဘွဲ့ဖြစ်သည့် “သဒ္ဓမ္မဇောတိကဓဇ” ဘွဲ့ဖြစ်ကြောင်း။

ယခုနှစ်တွင် ထူးခြားချက်အနေဖြင့် ပရိယတ်နှင့် ပဋိပတ်သာသနာပြု လုပ်ငန်းများတွင် ထင်ရှားကျော်ကြားကာ ဩဇာတိက္ကမကြီးမားခဲ့သည့် ပျံလွန်တော်မူပြီးဖြစ်သည့် လယ်တီဆရာတော်ကြီး၊ တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ မဟာစည်ဆရာတော်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ကျောက်စာရုံစေတီတော်များတွင် ထားရှိပူဇော်မည့် စကျင်ကျောက်စာများကို ပါဠိ-ရိုမန် အက္ခရာဖြင့် ရေးထိုးနိုင်ရေးပြုစုပေးတော်မူခဲ့သော ပါဠိ-ရိုမန် ဆရာတော်ကြီးအပါအဝင် ဆရာတော်ကြီး ၁၀ ပါး တို့ကို “အဘိဓဇမဟာရဋ္ဌဂုရု” နှင့် “အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း။

ဆရာတော်ကြီးများ သီတင်းသုံးတည်းခိုရေးနှင့်ပတ်သက်၍ နှစ်စဉ်သီတင်းသုံးနေကျဖြစ်သည့် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ သံဃာရာမကျောင်းဆောင် ၄ ဆောင်နှင့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ၌ “ကျောင်းအဖြစ်” သီတင်းသုံးကြမည် ဖြစ်သည့်အတွက် ကျောင်းအလှူဒါနမြောက်အောင် ဆရာတော်ကြီးများ၊ ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ စိတ်နှလုံးချမ်းမြေ့စွာ သီတင်းသုံးနိုင်ရေး ပတ်ဝန်းကျင် သန့်ရှင်းရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ခြင်၊ ယင် ကအစ ကင်းအောင် အလေးထား ဆောင်ရွက်ပေးရန် လိုကြောင်း။

ပြည်တွင်း၊ ပြည်ပ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၄ ပါးတို့ကို ယခင်နှစ်များနည်းတူ သတ်မှတ်ထားသည့် ဟိုတယ်၌ သီတင်းသုံးနေထိုင်မှု အဆင်ပြေစေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန်လိုကြောင်း။

ပြည်ပဘွဲ့ခံဆရာတော်ကြီးများ သီတင်းသုံးမည့် ဟိုတယ်တွင် ဝေယျာဝစ္စတာဝန် ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် ကပ္ပိယ ကာရက တာဝန်ကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်သည့် ဝန်ထမ်းများဖြစ်ရန် လိုအပ်သကဲ့သို့ ဘာသာစကားကျွမ်းကျင်သည့်သူများကို ရွေးချယ်တာဝန်ပေးအပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့မှသာ တာဝန်လဲကျေ၊ ကုသိုလ်လဲရ၊ နိုင်ငံအချင်းချင်းလည်း ချစ်ကြည်ရင်းနှီးမှု ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း၊ အဆိုပါ ဆရာတော်ကြီးများ မိမိတို့နိုင်ငံကို ကြွရောက်လာသည့် အချိန်ကာလတွင် စိတ်နှလုံးချမ်းမြေ့မှုကိုပေးနိုင်အောင် နေထိုင်သီတင်းသုံးမှု၊ ဆွမ်းကွမ်းဝေယျာဝစ္စ၊ ကျန်းမာရေးကိစ္စကအစ လစ်ဟင်းမှုမရှိစေရန် စေတနာ၊ သဒ္ဓါပြည့်ဝစွာဖြင့် ကုသိုလ်ယူကြရန် အလေးအနက်ထား တိုက်တွန်းလိုကြောင်း။

ပြည်တွင်းမှ နိုင်ငံတော်အဆင့်ဆရာတော်ကြီးများ၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများကို တည်းခိုနေရာချထားမည့် သံဃာရာမကျောင်းဆောင်များနှင့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာများတွင် အရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်ရာ၌ ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သည့် ဟင်းလျာများ ဆက်ကပ်နိုင်ရေး ကျန်းမာရေး ဆပ်ကော်မတီအနေဖြင့် ကြိုတင်ညှိနှိုင်းစီမံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အတူ ကျန်းမာရေး Medical Check Up ပြုလုပ်ပေးရန်နှင့် ဆရာတော်ကြီးများ သီတင်းသုံးရာ ကျောင်းဆောင်များရှိ အခန်းများတွင် လိုအပ်သော တိုင်းရင်းဆေးဝါးများနှင့် အနောက်တိုင်းဆေးဝါးများ ထည့်ထားပေးရန်၊ အရေးပေါ်လူနာတင်ယာဉ်များ စီစဉ်ထားရှိရန်နှင့် ကျောင်းဆောင်ပတ်ဝန်းကျင်တွင် ခြင်၊ ယင်များမရှိ အောင်သန့်ရှင်းရေးနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီးရေးဆိုင်ရာ အစီအမံများအတိုင်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး ကျန်းမာရေး ဆပ်ကော်မတီအနေဖြင့် အခြားဆပ်ကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုကြောင်း။

အခမ်းအနားကျင်းပမည့် သာသနာ့မဟာဗိမာန်တော်ကြီးအတွင်းကို နိုင်ငံတော်အဆင့်နှင့် လျော်ညီအောင် ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားရှိရန်နှင့် ဘုရားခန်းနှင့်တကွ သံဃာစင်မြင့်နေရာကို တင့်တယ်ကြည်ညိုဖွယ်ဖြစ်အောင် ခင်းကျင်းထားရမည်ဖြစ်ကြောင်း။

ဆွမ်းဆန်တော်လောင်းလှူပွဲတွင် ဘုရားအမှူးပြုသော ဘွဲ့ခံဆရာတော် ၁၄၈ ပါး၊ သီလရှင်ဆရာကြီး ၃ ပါး စုစုပေါင်း ၁၅၂ ပါး ကြွရောက်မည်ဖြစ်ပြီး ဆွမ်းဆန်တော် ကြိုလောင်းအနေဖြင့် ပင့်သံဃာတော်များဖြစ်သည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင် ဆရာတော်ကြီး ၂ ပါးဖြစ်ကြောင်း၊ သို့ဖြစ်၍ ဆရာတော်များထံ လှူဖွယ်ပစ္စည်းများ စနစ်တကျ ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြရန်နှင့် ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲပြီး၍ ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရာတွင် အချိန်ကြန့်ကြာမှု မရှိအောင် စီမံဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

လုပ်ငန်းတာဝန်များလစ်ဟင်းမှုမရှိစေရန် သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် စနစ်တကျစီမံခန့်ခွဲခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း ဆောင်ရွက်ရမည်ဖြစ်၍ ကြိုတင် ဇာတ်တိုက်လေ့ကျင့်သွားကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်အဆင့် အခမ်းအနားကြီးဖြစ်သည့်အတွက် လုံခြုံရေးတစ်စုံတစ်ရာ ကျိုးပေါက်မှု မဖြစ်ကြရလေအောင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အထူးဂရုပြု ဆောင်ရွက်ကြရန် အလေးအနက် မှာကြားလိုကြောင်း။

“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ” “သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ် ချီးမြှင့်အပ်နှင်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား” များ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများနေဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးကြရန်နှင့် ယနေ့ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် စိစစ်ဆက် ကပ်လှူဒါန်းချီးမြှင့်မှုများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကျင်းပမည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အခမ်းအနားကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေး ဆပ်ကော်မတီ၊ ကြိုဆိုပင့်ဆောင်နေရာချထားရေးနှင့် အခမ်းအနားသို့ ပင့်ဆောင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေး ဆပ်ကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေး ဆပ်ကော်မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဆွမ်းဆန်တော် လောင်းလှူရေးဆပ်ကော်မတီ၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သာသနာရေးဆိုင်ရာအခင်းအကျင်းများ ပြင်ဆင်ရေး ဆပ်ကော်မတီနှင့် လုံခြုံရေးဆပ်ကော်မတီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းပွဲကျင်းပရေး နာယကအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။