ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ (၂-၂-၂၀၂၃) နေ့ကပြုလုပ်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင် (၅-၁၂-၂၀၂၂) နေ့မှ (၂၀-၁-၂၀၂၃) နေ့ထိ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်လျှောက်ထားလာသည့် ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ မဂ္ဂဇင်းနှစ်ဦးနှင့် အထွေထွေ ၁၃ ဦး ပေါင်း ၁၅ ဦးကိုလည်းကောင်း၊ သတင်းအေဂျင်စီလုပ်ငန်းလျှောက်ထားသူ တစ်ဦးကိုလည်းကောင်း အသိအမှတ်ပြုလက်မှတ်များထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၈ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၃၂၄၈ ဦးနှင့် သတင်းအေဂျင်စီလုပ်ငန်း ၃၉၉ ဦး စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၅၃၄၅ ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန