နေပြည်တော် ဖေဖော်ဝါရီ ၉
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် NUG ၊ CRPH နှင့် PDF အမည်ခံအဖွဲ့များသည် ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများအပြင် ပြည်သူများအထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ မိုင်းထောင်ဖောက်ခွဲခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ပဲခူးမြို့ပေါ်ရှိ မဇင်းရပ်ကွက်၊ ပုဏ္ဏားစုရပ်ကွက်၊ ရှင်စောပုရပ်ကွက်တို့၌ အကြမ်းဖက်သမားများက လက်လုပ်မိုင်း ၅ လုံးဖောက်ခွဲခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်မှုနှင့် အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီလ ၈ ရက် ညနေပိုင်းတွင် ပဲခူးမြို့နယ်၊ ကလိကျေးရွာအနီး၌ ပဲခူးမြို့နယ်အတွင်း လက်လုပ်မိုင်းများဖောက်ခွဲခဲ့သည့် တရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် (၂၀)နှစ်၊ မောင်သက်(၂၃)နှစ်နှင့် ၎င်း၏ဇနီးထားထားဝင်း(၂၃)နှစ်၊ ငစော(ခ)မျိုးမြတ်မင်းစော(၁၉)နှစ်တို့ ၄ ဦးအား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်၏ ထွက်ဆိုချက်အရ ၎င်းငှားရမ်းနေထိုင်သည့် ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ တိုးချဲ့(၃)လမ်းရှိ နေအိမ်မှ အူဇီသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ပွိုင့်-၃၈ ကျည် ၅၀ တောင့် တို့အားလည်းကောင်း၊ မောင်သက်နှင့် ထားထားဝင်းတို့၏ နေအိမ်မှ M-79 ဗုံးပစ်လောင်ချာ ၁ လက်၊ ၄၀ မမ ဗုံးသီး ၇ လုံး၊ C-4 ယမ်း ၅ ထုပ်၊ ဒီတိုနေတာ ၄ ချောင်းနှင့် လက်လုပ်မိုင်း ၃ လုံးတို့အားလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဖမ်းဆီးရမိတရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်၏ ထွက်ဆိုချက်အရ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၁)၊ သီးသန့်(၁)လမ်း၊ အမှတ်(သ/၂၂၇)ရှိ မျိုးတင့်၏နေအိမ်၌ လက်နက်/ခဲယမ်းများ သိမ်းဆည်းထားကြောင်းသိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ မျိုးတင့် (၅၅)နှစ်နှင့် ၎င်း၏ဇနီးယဉ်ယဉ်ဋ္ဌေး(၄၈)နှစ်တို့ ၂ ဦးအား M-16 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ၄၀ မမ ဗုံးသီး ၂၀ လုံး၊ ၅.၅၆ ကျည် ၁၀၀ တောင့်၊ ကျည်မျိုးစုံ ၂၈၈ တောင့်၊ လက်လုပ်လက်ပစ်ဗုံး ၅ လုံး တို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် ဖမ်းဆီးရမိတရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်၏ ထွက်ဆိုချက်အရ ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းကြောင်းအခြေအနေကြည့်ရှုပေးသူ သူရိန်အောင်(ခ)အောင်သူ(၁၉)နှစ်အား ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်၊ ပုဏ္ဏားစု(၁၄)လမ်းရှိ ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၅ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၇ ဦးတို့အား လက်နက်မျိုးစုံ ၄ လက်၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ ၄၀ မမဗုံးသီး ၂၇ လုံး၊ ကျည်မျိုးစုံ ၄၃၈ တောင့်၊ လက်လုပ်မိုင်းမျိုးစုံ ၈ လုံး၊ အခြားမိုင်းနှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၇ ရက်မှစ၍ KNLA တပ်မဟာ(၃)၊ ရင်း(၉)နယ်မြေရှိ ငှက်ပျောတောစခန်းသို့ သွားရောက်၍ အကြမ်းဖက်သင်တန်း ၃ လ တက်ရောက်ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ ငရဲ(ခ)ရဲထွဋ်လှိုင် ခေါင်းဆောင်သည့် ပဲခူး PDF အမည်ခံအကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း၊ ငစော(ခ)မျိုးမြတ်မင်းစော၊ သူရိန်အောင်(ခ) အောင်သူနှင့် မောင်သက်တို့ ၃ ဦးသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလခန့်တွင် ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်၏ စည်းရုံးမှုဖြင့် ပဲခူး PDF အမည်ခံအကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် ၏ထွက်ဆိုချက်အရ ဖမ်းဆီးရမိ လက်နက်/ ခဲယမ်းများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)ခန့်တွင် လူမှုကွန်ရက်မှတစ်ဆင့်ရင်းနှီးခဲ့သည့် ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သော အောင်သပြေမှ ပေးပို့ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး မောင်သက်၊ မျိုးတင့်နှင့် ဇနီးယဉ်ယဉ်ဌေးတို့မှ ၎င်းတို့နေအိမ်များ၌ လက်ခံသိမ်းဆည်းပေးထားခဲ့ခြင်းဖြစ်ကြောင်း၊ လက်လုပ်မိုင်းများကိုလည်း ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် ခေါင်းဆောင်၍ မောင်သက်၊ ငစော(ခ)မျိုးမြတ်မင်းစောနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကုလားလေးတို့မှ ပဲခူးမြို့၊ မြို့သစ်ရပ်ကွက်၊ (၇)လမ်းရှိ မောင်သက်၏ နေအိမ်၌ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ပဲခူး PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ ပဲခူးမြို့နယ်အတွင်း အောက်ပါအတိုင်း အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများပြုလုပ်ခဲ့ကြောင်း-
(က) ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်သည် ကဝ PDF အမည်ခံအကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဖမ်းဆီးရန်ကျန်တရားခံ ကြာညိုနှင့်အတူ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် ကဝမြို့နယ်၊ သက္ကလမြို့၊ ကန်တော်မင်္ဂလာရပ်ကွက်၌ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးသိန်းဇော်အား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။
(ခ) ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်သည် ၂၀၂၂ ခုနှစ်၊ မတ်လ ၄ ရက်တွင် ကဝမြို့နယ်၊ ပေါက်ကုန်းကြီးကျေးရွာအုပ်စု၊ အေးရွာသစ်ကျေးရွာအနီး၌ မမောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဇော်နှင့် ရစ်ကန်ကြီးကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးဆန်းဝင်းတို့ ၂ ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။
(ဂ) ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်နှင့် မောင်သက်တို့ ၂ ဦးသည် အပြစ်မဲ့ပြည်သူများ ထိတ်လန့်ကြောက်ရွံ့မှုဖြစ်ပေါ်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာစေတီကန်လမ်းထောင့်၌ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း၊ ရှင်စောပုရပ်ကွက်၊ ဦးဘိုနီလမ်းရှိ ထရန်စဖော်မာအနီး၌ လက်လုပ်မိုင်း ၂ လုံးအား လည်းကောင်း၊ ညောင်ဝိုင်း(မြောက်ပိုင်း)ရပ်ကွက်၊ ဈေးတန်းအနီး၌ လက်လုပ်မိုင်း ၁ လုံးအား လည်းကောင်းဖောက်ခွဲခဲ့ကြောင်း။
(ဃ) အလားတူ ငစော(ခ)မျိုးမြတ်မင်းစောနှင့် ဖမ်းဆီးရန်ကျန်တရားခံ ကုလားလေးတို့ ၂ ဦးသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ဆိုရှယ်လစ်(၉)လမ်း၌ လက်လုပ်မိုင်း ၂ လုံးအားလည်းကောင်း၊ ပုဏ္ဏားစုရပ်ကွက်၊ (၈)လမ်း၌ လက်လုပ်မိုင်း ၁ လုံး အားလည်းကောင်း အသီးသီးသွားရောက်ဖောက်ခွဲခဲ့ပြီး သူရိန်အောင်(ခ)အောင်သူမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏အခြေအနေအား စောင့်ကြည့်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ပဲခူး PDF အမည်ခံအကြမ်းဖက်အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ညပိုင်းတွင် ပဲခူးမြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးအား လက်လုပ်မိုင်းများဖြင့် ထပ်မံဖောက်ခွဲရန် စီစဉ်လုပ်ဆောင်နေစဉ် အကြမ်းဖက်မှုကိုမလိုလားသော တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကွက်ပြည့်နင်းရှာဖွေ စစ်ဆေးဖော်ထုတ်မှုတို့ကြောင့် အကြမ်းဖက်သမားများမှ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများမဆောင်ရွက်နိုင်မီ အချိန်မီကြိုတင်သတင်းလက်ဦးမှုရယူကာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်၏ ထွက်ဆိုချက်အရ ပဲခူး PDF အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဖမ်းဆီးရန်ကျန်တရားခံ ငရဲ(ခ)ရဲထွဋ်လှိုင်မှ အကြမ်းဖက် လုပ်ငန်းများလုပ်ဆောင်ရန်အတွက် ၁ လလျှင် ၂ သိန်းကျပ်၊ ဖမ်းဆီးရန်ကျန်တရားခံ အောင်သပြေမှ ၁ လ လျှင် ၄ သိန်းကျပ် ထောက်ပံ့ပေးကြောင်း၊ အဆိုပါရရှိသည့် ငွေကြေးများအား ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်၊ မောင်သက်၊ ငစော(ခ) မျိုးမြတ်မင်းစောနှင့် သူရိန်အောင်(ခ)အောင်သူတို့မှ ခွဲဝေယူကြသည့်အပြင် လက်လုပ်မိုင်းများပြုလုပ်ရာတွင် အသုံးပြုခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။