Skip to main content

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ တိုးတက်မှုအခြေအနေ ကြည့်ရှုစစ်ဆေး

စစ်တွေ  ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်  တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ  ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာ  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည်  ဖေဖော်ဝါရီ  ၆  ရက် မွန်းလွဲပိုင်းက စစ်တွေမြို့ နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိပြီး   ကျောင်းသား ကျောင်းသူများ  ပညာသင်ကြားနေမှု၊  နေ့စဉ်အစားအသောက်၊ အာဟာရများကျွေးမွေးမှု၊ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်နှင့်စည်းကမ်းများ ကောင်းမွန်စေရေးဆောင်ရွက်မှု၊ သင်တန်းကျောင်းရှိ စာသင်ခန်း၊ သင်ထောက်ကူပစ္စည်းများနှင့် အဆောက်အအုံများကြံ့ခိုင်မှုတို့ကို  လိုက်လံကြည့်ရှုစစ်ဆေးကာ သင်တန်းကျောင်းအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများကို သင်တန်းကျောင်းခန်းမ၌  တွေ့ဆုံ၍ နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ ပြည်သူကအားကိုးအားထားပြုနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလယ်တန်း၊ အထက်တန်းပညာ၊ သက်မွေးပညာ၊  စက်မှုလက်မှုပညာ စသည့်အတတ်ပညာများအပြင် ဘဝအခြေခိုင်မာရပ်တည်နိုင်မည့် အသိပညာများကို သင်ကြားလေ့ကျင့်ပေးရန်လိုအပ်ကြောင်း ပြောကြားပြီး ဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူ များအတွက် ချီးမြှင့်ငွေများပေးအပ်သည်။

စေတနာထားဆောင်ရွက်

ယင်းနောက်  ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ရောက်ရှိပြီး ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ တိုးတက်မှုအခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများတိုးတက်အောင်မြင်မှုရှိစေရေး၊ ဒေသဖွံ့ဖြိုးရေးအတွက်  စွမ်းနိုင်သမျှအားထုတ်ကြိုးပမ်းရေး၊  နယ်စပ်ဒေသများတွင်ရှိနေသည့် တိုင်းရင်းသားများအတွက်  အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ၎င်းတို့၏ လူမှုစီးပွားဘဝများ တိုးတက်စေရေးအတွက် လိုအပ်ချက်များကို  စေတနာထားကာ ဆောင်ရွက်ပေးရန်မှာကြားသည်။

သင်တန်းကျောင်းဖွင့်လှစ်

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း သုံးကျောင်း၊ စက်မှုလက်မှုပညာသင်တန်းကျောင်းနှစ်ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု  သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း သုံးကျောင်း ဖွင့်လှစ်ထားရှိပြီး လူငယ်ဖွံ့ဖြိုးရေးကျောင်းများတွင် အလယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိလည်းကောင်း၊ စက်မှုလက်မှုပညာသင်တန်းကျောင်းများတွင်  ဆောက်လုပ်ရေး၊ လျှပ်စစ်၊ ဂဟေ၊ စက်ပြင်နှင့် လက်ကိုင်ဖုန်းပြင်သင်တန်းများကိုလည်းကောင်း၊  အိမ်တွင်းမှု သင်တန်းကျောင်းများတွင် အခြေခံအိမ်တွင်းမှုစက်ချုပ်သင်တန်းနှင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းတို့ကိုလည်းကောင်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

လုပ်ငန်း ၄၆ ခု ဆောင်ရွက်

ရခိုင်ပြည်နယ်တွင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ ငွေကျပ် ၃၀၆၄ ဒသမ ၈၀၃ သန်း ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၄၆ ခု ဆောင်ရွက်လျက်ရှိရာ  လုပ်ငန်းများ  ၇၄ ဒသမ ၈၈ ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်ကာ  စစ်တွေမြို့၊ မင်းပြား မြို့နှင့် မောင်တောမြို့များရှိ  နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ  ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၌  တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ  ၇၉  ဦးအနက်  အောင်မြင်သူ ၄၄  ဦးရှိပြီး  ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူ  ၂၂  ဦးရှိကြောင်း သိရသည်။

သတင်းစဉ်