Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ပြည်ထောင်စုနယ်မြေ(နေပြည်တော်)ရှိ သူနာပြုသင်တန်းကျောင်း (နေပြည်တော်)၌ အကူသူနာပြုကျွမ်းကျင်မှုအဆင့်(၂)အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၄

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အဖွဲ့သည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ သူနာပြုသင်တန်းကျောင်း (နေပြည်တော်) Assessment Center သို့ ရောက်ရှိပြီး အကူသူနာပြုကျွမ်းကျင်အဆင့် (၂) (Nurse Aid Level-2) အလုပ်အကိုင်အတွက် ဖြေဆိုသူ ၁၄ ဦးကိုအမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ရေးအတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အရည်အသွေးပြည့်မီသော အခြေခံကျွမ်းကျင်လုပ်သားကောင်းများ ပေါ်ထွက်လာနိုင်ရေးမွေးထုတ်ပေးနိုင်ရန် လိုအပ်ကြောင်းနှင့် နည်းပညာဆိုင်ရာကိရိယာများအား ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုတတ်စေရေး လေ့ကျင့်သင်ကြားဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျွမ်းကျင်လုပ်သား များအား အရည်အသွေးပိုင်းဆိုင်ရာစိစစ်မှုများကို ပြည်နယ်နှင့်တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးများ၌လည်း မြှင့်တင်ဆောင်ရွက်သွားရန်အရေးကြီးပါကြောင်း၊ သူနာပြုသင်တန်းများကိုပုဂ္ဂလိက ကဏ္ဍတွင်ဖွင့်လှစ်ပေးလျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဦးစီးဌာနနှင့် ကျန်းမာရေးလုပ်ငန်းဆိုင်ရာအလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ပေးရေးကော်မတီတို့က ဝိုင်းဝန်းထိန်းသိမ်းပေးရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် သူနာပြုသင်တန်းကျောင်း (နေပြည်တော်) ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းလင်းက Assessment Center နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ သူနာပြုသင်တန်းကျောင်း(နေပြည်တော်)ကို Nurse Aid Level-2 (အကူသူနာပြု) အလုပ်အကိုင်အတွက် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard Authority-NSSA) အသိအမှတ်ပြုကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနအဖြစ် ၂၀၂၂ ခုနှစ်ဇူလိုင် ၂၅ ရက်မှ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက်အထိ သက်တမ်းကာလ နှစ်နှစ်ဖြင့် အသိအမှတ်ပြုပေးခဲ့ပြီး အမျိုးသားအဆင့်အကူသူနာပြု ကျွမ်းကျင်မှုအဆင့်(၂) ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များ ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက် မှ ၂၈ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကာ NSSA အနေဖြင့် အကူသူနာပြုအလုပ်အကိုင်အတွက် ကျွမ်းကျင်မှုဆိုင်ရာအရည်အသွေးစစ်ဆေးခြင်းကို ပထမဆုံးအကြိမ်ဆောင်ရွက်ခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ဝန်ကြီးဌာနအဖြစ် ဆောင်ရွက်လျက်ရှိသည့် NSSA အနေဖြင့် မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ၂၀၁၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အလုပ်အကိုင် ၃၅ မျိုးအတွက် ဖြေဆိုသူ ၂၃၀၄၈ ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး အရည်အသွေးပြည့်မီသူ ၂၁၀၄၇ ဦးကို အသိအမှတ်ပြုပေးနိုင်ခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဖြေဆိုသူ ၅၀၀၀ ကို စစ်ဆေးအကဲဖြတ်နိုင်ရေး လျာထားသတ်မှတ်ထားပြီး အလုပ်အကိုင် ၂၅ မျိုးအတွက် ဖြေဆိုသူ ၄၁၂၇ ဦးကိုစစ်ဆေးအကဲဖြတ်နိုင်ခဲ့၍ အရည်အသွေးပြည့်မီသူ ၃၉၄၄ ဦးကို အသိအမှတ်ပြုပေးနိုင်ခဲ့ကြောင်းနှင့် လျာထားချက်ပြည့်မီအောင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်