Skip to main content

စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်

နေပြည်တော် ဇန်နဝါရီ ၂၄

စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြင့်မားလာစေရန်နှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဘော်လီဘောအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် နိုင်ငံတော်က ရည်ရွယ်ကျင်းပပေးခဲ့သည့် ပြိုင်ပွဲတွင် မိမိတို့ဝန်ကြီးဌာနက အားကစားမောင်မယ်များအနေဖြင့် ထိုက်ထိုက်တန်တန်ဆုဖလားများကို ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူပီတိဖြစ်ရပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအနေဖြင့် ဘော်လီဘောပြိုင်ပွဲတွင်သာမက အခြားသောပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်များရယူခဲ့ရာ နိုင်ငံ့ဂုဏ်၊ ဌာန၏ဂုဏ်တို့ကို မြှင့်တင်ပေးခဲ့သည်ကို ဂုဏ်ယူစွာတွေ့ရှိခဲ့ရပါကြောင်း၊ အားကစားသမားကောင်းများအဖြစ် ကြိုးစားခဲ့သည့်စိတ်ဓာတ်များမှ နိုင်ငံ့ဝန်ထမ်းကောင်းဆိုသည့် စိတ်ဓာတ်ကိုခိုင်ခိုင်မာမာ ဆက်လက်မွေးမြူသွားကြစေလိုကြောင်း၊ ဝန်ကြီးဌာန ဆုရအားကစားသမားများအဆင့်မှသည် နိုင်ငံ့လက်ရွေးစင်အဆင့်ရောက်ရှိအောင် ဆက်လက်ကြိုးစားသွားစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အောင်ပွဲရ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုအမျိုးသားဘော်လီဘောအသင်းနှင့် အမျိုးသမီးဘော်လီဘောအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုချီးမြှင့်ငွေကို စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အောင်ပွဲရကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုအမျိုးသားဘော်လီဘောအသင်းနှင့် အမျိုးသမီး ဘော်လီဘောအသင်းကို ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဆုတံဆိပ်ရရှိခဲ့သော အားကစားသမားများကိုယ်စား ကာကွယ်ရေးဝန်ကြီးဌာန ဘော်လီဘောအသင်းနည်းပြချုပ် အရာခံဗိုလ် ခင်မောင်တိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်