Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ရှိ လူမှုဖူလုံရေး-ကဲဝဲလ်အထွေထွေရောဂါကုဆေးခန်းများ ကွင်းဆင်းစစ်ဆေး၊ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၁၁

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ စာချုပ်ဆေးခန်းများဖြစ်သည့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဒက္ခိဏသီရိမြို့နယ်ရှိ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်းနှင့် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက်ရှိ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်းများတွင် အကျုံးဝင်အာမခံအလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုများကို ကွင်းဆင်းစစ်ဆေး၍ အာမခံအလုပ်သမားများကို တွေ့ဆုံ အားပေးသည်။

ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တွင် အကျုံးဝင်အာမခံအလုပ်သမား ၂၆၀၆၁ ဦးရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မြို့နယ်လူမှုဖူလုံရေး ဆေးခန်း သုံးခန်း၊ လူမှုဖူလုံရေးအဖွဲ့ စာချုပ်ဆေးခန်းများဖြစ်သည့် လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း နှစ်ခန်းနှင့် လူမှုဖူလုံရေး-လင်းအထွေထွေ ရောဂါကုဆေးခန်း တို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုထိရောက်လွယ်ကူစေရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ် ချုပ်ဆိုဆောင်ရွက်လျက် ရှိရာ ယခုအခါတွင် Fee For Service Payment ဆေးခန်း ၁၂ ခန်း၊ Capitation Payment ဆေးခန်း ၂၅ ခန်းနှင့် မီးဖွားမှုဝန်ဆောင်မှုဆေးခန်း ရှစ်ခန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှု ပေးလျက်ရှိရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တွင် ၃/၂၀၂၂ လမှ ၁၂/၂၀၂၂ လအထိ ဆေးဖိုးအမှုတွဲပေါင်း ၂၄၇၃ မှု အတွက် ဆေးဖိုးကုန်ကျငွေ ကျပ်သန်း ၄၁၆ ဒသမ ၉၂၆ သန်း ပေးအပ်ခဲ့ပြီးဖြစ်သည်။

မွန်းလွဲပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ CMP လုပ်ငန်းများ ငွေကြေးဆိုင်ရာ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ အတွင်းရေးမှူး၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ CMP အထည်ချုပ်လုပ်ငန်းရှင်များ၊ CMP Other လုပ်ငန်းရှင်များ၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ အဓိက လုပ်ငန်းတာဝန်များမှာ CMP စနစ်ဖြင့် လုပ်ငန်းလုပ်ကိုင်လိုကြောင်း လျှောက်ထားလာမှုများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုမိန့် ထုတ်ပေးနိုင်ရေးအတွက် သဘောထား မှတ်ချက်နှင့်တကွ စိစစ်ဆောင်ရွက်ပေးခြင်း၊ CMP စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုမိန့်ရရှိသည့် လုပ်ငန်းများအား တည်ဆဲဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ/မရှိ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ အခွန်ပေးဆောင်ခြင်း ရှိ/မရှိ၊ ရရှိသောလုပ်ခများကို ဘဏ်သို့ မှန်ကန်စွာပေးသွင်းခြင်း ရှိ/မရှိ၊ အလုပ်သမားများအတွက် ရသင့်ရထိုက်သော လုပ်ခခံစားခွင့်များ အပြည့်အဝ ထုတ်ပေးခြင်း ရှိ/မရှိ၊ စာရင်းဇယားများ စနစ်တကျ ထားရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးကြပ်မတ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင် CMP စက်ရုံ၊ အလုပ်ရုံပေါင်း ၇၃၈ ရုံ ရှိသည့်အနက် နိုင်ငံခြားငွေ ဝင်ရောက်မှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့စိစစ်ခဲ့ရာတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ ငွေစာရင်းဖွင့်လှစ်ထားရှိသည့် စက်ရုံများတွင် နိုင်ငံခြားငွေဝင်ရောက်သည့် စက်ရုံ ၃၆၂ ရုံရှိကြောင်း၊ နိုင်ငံခြားငွေဝင်ရောက်ခြင်းမရှိသည့် စက်ရုံ ၂၈၄ ရုံ တွေ့ရှိခဲ့ရပြီး ငွေစာရင်း ဖွင့်လှစ်ထားခြင်းမရှိသည့် စက်ရုံ ၉၂ ရုံ တွေ့ရှိခဲ့ကြောင်း၊ ငွေစာရင်းဖွင့်လှစ်ထားခြင်းမရှိသော စက်ရုံများ ငွေကြေးလည်ပတ်သုံးစွဲရာတွင် ဘဏ်စနစ် အသုံးပြုရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားငွေ ဝင်ရောက်ခြင်းမရှိသော စက်ရုံများသည် ပြည်ပမှအသုံးစရိတ်များ လွှဲပြောင်းသုံးစွဲရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

နိုင်ငံတော်၏ ဘဏ္ဍာရေးလုပ်ငန်းစဉ်များတွင် နိုင်ငံခြားဝင်ငွေ စီးဆင်းမှုသည်လည်း နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသောကဏ္ဍမှ ပါဝင်ကြောင်း၊ တက်ရောက်လာ ကြသော CMP အထည်ချုပ်လုပ်ငန်းရှင်များ၊ CMP Other လုပ်ငန်းရှင်များမှ မိမိတို့ တွေ့ကြုံရသော အခက်အခဲများ ဖြေလျှော့ပေးစေလိုသည့် အချက်များရှိပါက ရင်းနှီးပွင့်လင်းစွာ တင်ပြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးနှင့် အတွင်းရေးမှူးတို့က လုပ်ငန်းပိုင်းဆိုင်ရာများ ရှင်းလင်းတင်ပြကြပြီး အစည်းအဝေး တက်ရောက်လာကြသော အသင်းအဖွဲ့နှင့် လုပ်ငန်းရှင်များက ဆွေးနွေးတင်ပြခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။                 

သတင်းစဉ်