Skip to main content

KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်-မြဝတီ သွား အာရှလမ်းမကြီးပေါ်၌   ခရီးသွားပြည်သူများထံမှ ဖုန်းများနှင့်ငွေများအား အတင်းအဓမ္မ လုယက်ယူဆောင်

နေပြည်တော် ဇန်နဝါရီ ၁၁

NUG၊ CRPH အဖွဲ့၏ လက်ဝေခံဖြစ်သော PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်နှင့် ကိုယ်ကျိုးစီးပွားတွင် အသုံးပြုရန်အတွက် ပြည်သူလူထုထံမှ အတင်းအဓမ္မ ဆက်ကြေးကောက်ခံခြင်း၊ ခရီးသွားမော်တော်ယာဉ်များအား လက်နက်ကိုင်ဆောင်၍ ဓားပြတိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ဘက်မှ မြဝတီမြို့ဘက်သို့  ယာဉ်မောင်း ဦးသန့်ဇင် (ဘ) ဦးမြင့်စိန်  မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဦးသန့်ဇင်ဖြိုးနှင့်အတူ ခရီးသည်အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၅ ဦးတို့ လိုက်ပါလာသည့် ရွှေလရောင်မှန်လုံယာဉ်အမှတ်၊ MDY 3I/------- (အပြာရောင်)သည် ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ တံတန်ကူးကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၅၅၀၀ ခန့်အကွာနေရာသို့ ရောက်ရှိစဉ် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကားလမ်းမ၏ အရှေ့တောင်ဘက်မှ ရောက်ရှိလာကာ မော်တော်ယာဉ်အား ရပ်တန့်စေပြီး ခရီးသည်များထံမှ ဖုန်း ၁၈ လုံးနှင့် ငွေကျပ်သိန်း ၅၀ ခန့်တို့အား လုယက်ယူဆောင်သွားကာ ယာဉ်များသွားလာမှုရပ်တန့်စေရန်  မော်တော်ယာဉ်၏ အရှေ့ဘက် မီတာ ၃၀ ခန့်အကွာ အာရှလမ်းမကြီးပေါ်၌ ဒေသန္တလက်လုပ်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ကားလမ်း၏ အရှေ့တောင်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းဖောက်ခွဲခဲ့မှုကြောင့် ခရီးသည်များနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့တွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ မော်တော်ယာဉ်၏ ဘယ်ဘက်လေကာ မှန်တံခါး ၁ ချက် မိုင်းစထိမှန် ပျက်စီးခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့်  ကားလမ်းမပေါ်တွင် အကျယ် ၄ ပေ၊ အနက် ၁ ပေခန့် ချိုင့်ဝင်ပျက်စီးခဲ့ကြောင်းသိရှိရပြီး  ဖြစ်စဉ်နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း   သတင်းရရှိသည်။