နေပြည်တော် ဇန်နဝါရီ ၁၀
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၈ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ချောက်မြို့နယ်အတွင်း၌ တရားမဝင်ရေနံစိမ်း ၁၇၂ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၆,၀၀၀)နှင့် အဆိုပါ ရေနံစိမ်းအိတ်များတင်ဆောင်လာသည့် ဆိုင်ကယ်လေးစီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၂၀၀၀၀)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရလည်းကောင်း၊ နတ်မောက်မြို့နယ်အတွင်း၌ Zhineng Wave 100 အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မကွေးမြို့နယ် မကွေး - တောင်တွင်းကြီး ကားလမ်းမိုင်တိုင်အမှတ် ၃၁၈/၅ နှင့် ၃၁၈/၆ အကြားတွင် မော်တော်ယာဉ်တစ်စီးပေါ်၌ တရားမဝင်ပျဉ်းကတိုးခွဲသား (၈.၂၉၁၂)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၄၅၆၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀၀၀၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၁၈၁၆၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်မြို့ နမ့်အွမ်ကျေးရွာနှင့် ကောင်းခါးကျေးရွာအကြား မိုင်တိုင်အမှတ်(၁၆၅/၁)အနီး၊ ပြည်ထောင်စုလမ်းမကြီးတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၄၀၇၃၄၀၀)၊ Kenbo အမျိုးအစားဆိုင်ကယ်လေးစီးနှင့် Canda အမျိုးအစားဆိုင်ကယ်ခြောက်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀)နှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၀၇၃၄၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇန်နဝါရီ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့် ကွဲလွဲပါရှိလာသော Balmerol အမှတ်တံဆိပ် စက်ဆီ/ချောဆီ ၂၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၉၃၉၂၀)ကို လည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(ကုန်လှောင်ရုံ)၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့် ကွဲလွဲပါရှိလာသော အထည်အလိပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၅၈၇၈၀)ကို လည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၅၂၇၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ (၄၉.၉၉၇၈)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၄၅၁၄၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၄ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁၅၅၉၁၆၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်