ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ငြိမ်းချမ်းသာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုအဖြစ် တည်ဆောက်လျက်ရှိရာတွင် အမျိုးသားရေးစိတ်ဓာတ်အခြေခံဖြင့်ဆောင်ရွက်ကြရန် အလွန်အရေးကြီးသည်။ နိုင်ငံ၏ကောင်းကျိုးကိုဆောင်ရွက်ရာတွင် တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရနိုင်ဘဲ တိုင်းရင်းသားပြည်သူအားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ကိုအခြေခံသော ပေါင်းစုအင်အားဖြင့် တက်ညီလက်ညီဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းတစ်ရာကျော်ဖြင့် စုပေါင်းနေထိုင်ကြသော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ တိုင်းရင်းသားအားလုံး၏ ဓလေ့ထုံးတမ်းအစဉ်အလာများဖြင့် အမျိုးသားရေးစရိုက်လက္ခဏာများကို အစဉ်လေးစားတန်ဖိုးထားသည့်နိုင်ငံဖြစ်သည်။ အမျိုးသားရေးလက္ခဏာများနှင့် အမျိုးသားယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ခြင်းဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် ကောင်းကျိုးများစွာရရှိမည်ဖြစ်သည်။ အမျိုးသားရေးလက္ခဏာများနှင့် အမျိုးသားယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ခြင်းမရှိပါက တိုင်းပြည်ကိုချစ်မြတ်နိုးသည့် မျိုးချစ်စိတ်ဓာတ်များခေါင်းပါးလာပြီး တိုင်းပြည်နှင့်လူမျိုးအတွက် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အစိုးရတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အခြေခံမူများဖြစ်သော ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် လူမှုရေးဦးတည်ချက်၌ “စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် တိုင်းရင်းသားပြည်သူအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး”တို့ကိုချမှတ်ပြီး လက်တွေ့အကောင်အထည်ဖော်လျက်ရှိသည်။
တိုင်းရင်းသားပြည်သူများကြားတွင် စစ်မှန်သောမျိုးချစ်စိတ်ရှင်သန်နေပါမှ၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်ပါမှ နိုင်ငံတော်ကအကောင်အထည်ဖော်နေသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို ဖြောင့်တန်းစွာတည်ဆောက်နိုင်မည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက၎င်းတို့အား ကိုယ်စားပြုသူများကို ကိုယ်တိုင်ရွေးချယ်ပေးသည့် အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဖက်ဒရယ်စနစ်ဆိုသည်မှာ မတူကွဲပြားသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ လူမျိုးများ၊ လူမျိုးစုများကိုစုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကိုခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းသဘောဖြစ်ပါသည်။ တိုင်းရင်းသားပြည်သူအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လေးစားတန်ဖိုးထားကြပါမှ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကျင့်သုံးရေးတွင် ချောမွေ့စေမည်ဖြစ်သည်။
အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံး အသိဉာဏ်ပညာနှင့် စိတ်ရင်းစေတနာမှန်ကန်မှုသည် အလွန်အရေးကြီးသည်။ မိမိတို့၏ အကျိုးစီးပွားကို ပြည်ထောင်စုကြီးတစ်ခုလုံး အကျိုးစီးပွားနှင့်ချိန်ထိုးဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်တွင် ရပ်တည်ဆောင်ရွက်နေမှုများအပေါ် ဓမ္မဓိဋ္ဌာန်ကျကျဖြင့် အကောင်းအဆိုး၊ အမှားအမှန်ခွဲခြားဆင်ခြင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်ထောင်စုကြီးနှင့် မိမိတို့ဒေသအနာဂတ်ကို လက်ဆင့်ကမ်းထမ်းဆောင်ကြမည့် လူငယ်လူရွယ်များအားမှန်ကန်သည့် အသိပညာဗဟုသုတနှင့် မျိုးချစ်စိတ်ဓာတ်များလွှမ်းခြုံနိုင်အောင် ဖန်တီးဖော်ဆောင်ပေးကြရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် အကောင်အထည်ဖော်နေသောရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များသည် ပြည်ထောင်စုကြီးတစ်ခုလုံး၏ အကျိုးစီးပွားဖြစ်သည်ကို လေ့လာဆန်းစစ်ကြည့်နိုင်ပေသည်။ နိုင်ငံတော်နှင့် လူမျိုးအားလုံးနှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့လာရသည့် မည်သည့်အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသား အားလုံး၏ စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံသည့် မျိုးချစ်စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုအင်အားများကို အခိုင်အမာဆောက်တည်ထားလျှင် ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု ယုံကြည်သည်။
သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သော စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကို ခိုင်မာအောင်တည်ဆောက်ကြပြီး တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေး၊ နိုင်ငံတော်အေးချမ်းသာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်