Skip to main content

တိုင်းရင်းသားအားလုံး စုစည်းချစ်ကြည်ညီညွတ်မှုနဲ့ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ပါစေဆိုတဲ့ အဓိပ္ပာယ်ကိုဖော်ဆောင်တဲ့ ပြခန်းပြကွက်တွေကို စုစည်းပြီးတော့ ပြသထားပါတယ်

ဦးရဲမင်းအောင်(ညွှန်ကြားရေးမှူး)

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ပြခန်းများအား ဇန်နဝါရီ ၄ ရက်မှ ၈ ရက်အထိ ဖွင့်လှစ်ပြသ လျက်ရှိရာ ဌာနအလိုက်ပြခန်းများ ပြသထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာပြခန်းများမှ တာဝန်ရှိသူများ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည်။

ဒေါ်နွယ်နီ

ညွှန်ကြားရေးမှူးချုပ်

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

ပြခန်းမှာ အဓိက လေးကွက်ပါတယ်။ လူ့စွမ်းအား အရင်းအမြစ်၊ သုတေသနနယ်ပယ်က လုပ်ငန်း ပြကွက်၊ နည်းပညာလွှဲပြောင်းမှုဆိုင်ရာ ပြကွက်နဲ့ ဝန်ဆောင်မှုဆိုင်ရာ ပြကွက်လေးကွက်ကို အဓိကထား ပြသထားပါတယ်။ သိပ္ပံနဲ့နည်းပညာမှာ အဓိက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရစက်မှုလက်မှု အထက်တန်းကျောင်းတွေ၊ အစိုးရနည်းပညာကောလိပ်သိပ္ပံတွေ၊ နည်းပညာ တက္ကသိုလ်တွေ၊ ကွန်ပျူတာတက္ကသိုလ်တွေ ရှိပါတယ်။ အဲဒီနေရာတွေမှာ တကယ့်လက်တွေ့ သင်ကြားပုံသင်ကြားနည်းစနစ်တွေကို ကျောင်းသား ကျောင်းသူတွေက အဓိကစိတ်ဝင်တစား လေ့လာကြ ပါတယ်။ ဒီမှာဆိုရင် Electric Tringle နဲ့ ပတ်သက်ပြီးတော့ ပြသထားတာ၊ ဝရိန်နဲ့ပတ်သက်ပြီး သရုပ်ပြသတာ၊ ရေသန့်စနစ် သရုပ်ဖော်ပြသထားတာတွေ ရှိပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီးတော့ Learning Management System သင်ကြားသင်ယူမှု ပြောင်းလဲမှုပုံစံသစ်တွေကိုလည်း ပြသထားတာ ရှိပါ တယ်။ Kg + 12 သင်ကြား သင်ယူမှုပုံစံကို အခြေခံတဲ့ IT Pay System နဲ့ ဆောင်ရွက်ထားတာရှိပါတယ်။ အဲဒီမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အလိုက် သင်ရိုးညွှန်းတမ်းပုံစံတွေ၊ အမေးအဖြေပုံစံ လေးတွေကိုလည်း Program တွေ ရေးပြီးဆောင်ရွက် ထားတာဖြစ်တဲ့အတွက် အဲဒီမှာလည်း ဉာဏ်စမ်း ပဟေဠိတွေကို စိတ်ဝင်တစား လာဖြေကြည့်ကြပါတယ်။ သုတေသနလုပ်ငန်းတွေမှာဆိုရင် မြေမဲ့ စိုက်ပျိုးနည်းစနစ်တွေ၊ လျှပ်စစ်ယာဉ်တွေမှာ အသုံးပြုတဲ့ပစ္စည်းတွေနဲ့ သုတေသနလုပ်နေတဲ့ စနစ်တွေ၊ နောက်ဇီဝနည်းပညာဘက်က နည်းပညာ လွှဲပြောင်းမှုပေးတဲ့ ပုံစံတွေကိုတော့ ကလေးတွေ သာမက အများပြည်သူတွေကလည်း စိတ်ဝင်စားကြပါတယ်။

နောက်ထပ်တစ်ခုကလည်း ဝန်ကြီးဌာနရဲ့ လုပ်ဆောင်မှုတွေအတွက် Science Technology Innovation Plan မဟာဗျူဟာစီမံကိန်းတစ်ခုကို လည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ စတင် မိတ်ဆက်လိုက်ပါတယ်။ ဒီမဟာဗျူဟာစီမံကိန်းအတိုင်းပဲ ဝန်ကြီးဌာနအောက်က ဦးစီးဌာနအလိုက် ဆောင်ရွက်ထားမှုတွေကိုလည်း ဒီပြခန်းမှာ ပြသ ထားရှိပါတယ်။

စိန်ရတုလွတ်လပ်ရေးနေ့ပြခန်းပြသတဲ့အချိန်မှာ အားလုံးအတွက်သိနိုင်တဲ့ ဗဟုသုတတွေကို ပြသတာဖြစ်သလို ဝန်ကြီးဌာနအလိုက် အများပြည်သူ သိသင့်သိထိုက်တဲ့ လုပ်ငန်းတွေကို ပြသတဲ့ ပြခန်းတွေဖြစ်တဲ့အတွက် အလွန်ကောင်းမွန်ပါတယ်။ နောက်ထပ်လုပ်ဆောင်မယ့် ပြခန်းတွေမှာလည်း အဓိကကျောင်းသား ကျောင်းသူ၊ ပြည်သူလူထုတွေ၊ ဝန်ထမ်းတွေကအစ ထူးခြားတဲ့လုပ်ဆောင်မှုလေး တွေ၊ နည်းပညာဖြန့်ဝေပေးတဲ့ လုပ်ငန်းတွေကို ဖော်ထုတ်ပြီးတော့ ပြသစေလိုပါတယ်။

ဒေါက်တာသန်းနိုင်စိုး(ညွှန်ကြားရေးမှူး)

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ

စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြု ကျန်းမာရေးဝန်ကြီးဌာန ပြခန်းမှာတော့ ဝန်ကြီးရုံးနဲ့ ဝန်ကြီးဌာန အောက်မှာရှိတဲ့ ဌာနခြောက်ခုရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို အများပြည်သူ သိရှိအောင် ပြသထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိတဲ့အချိန် ကနေစပြီး ကျန်းမာရေးဝန်ကြီးဌာန ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို တင်ပြထားပါတယ်။ နောက်ပြီး တော့ ခေတ်အဆက်ဆက် သတင်းများထဲက ကျန်းမာရေးဝန်ကြီးဌာနဆိုပြီးတော့ သတင်းစာထဲမှာ ပါခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေကို ပြသထားပါတယ်။ နောက်ပြီးတော့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနအနေနဲ့ ကိုယ်ဝန်ဆောင်တဲ့ အချိန်ကနေစပြီး ကလေးသူငယ်ဘဝ၊ ကျောင်းနေ အရွယ်၊ ဆယ်ကျော်သက်အရွယ်၊ အလုပ်လုပ်တဲ့ အရွယ်ကနေ အသက်အရွယ်ကြီးရင့်လာတဲ့အထိ ဘဝတစ်သက်တာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ပုံစံတွေကို အများပြည်သူသိရှိအောင် ပြသ ထားပါတယ်။ ပြခန်းမှာ အသက် ၄၀ နဲ့အထက် အသက်အရွယ်ရှိသူအားလုံးကို ဆီးချိုစစ်ဆေးပေး ခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေ ဆန်းစစ်ပေးခြင်း၊ ကိုယ်အလေးချိန် BMI တိုင်းတာခြင်းတွေကို တစ်ခါတည်း ဆောင်ရွက် ပေးနေပါတယ်။ ကုသရေးဦးစီးဌာနအနေနဲ့ ကတော့ ဌာနအောက်မှာရှိတဲ့ ဆေးရုံတွေ၊ လုပ်ငန်းတွေ၊ ပြည်သူ့ဆေးရုံတွေမှာ ပြည်သူများသို့ အသိပေးချက်၊ ပြည်သူတွေကို ၂၄ နာရီ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးနေတယ်။ ပြည်သူများအနေနဲ့ ပြည်သူ့ဆေးရုံတွေမှာ လာရောက်ဆေးကုကြဖို့ တိုက်တွန်းပါတယ်ဆိုတာ အသိပေးပြသထားပါတယ်။ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနကတော့ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်တွေ မွေးထုတ်ပေးနေတဲ့အခြေအနေတွေကို တင်ပြ ထားပါတယ်။ ဒါပြီးရင် ဆေးသုတေသနဦးစီးဌာန သမိုင်းကြောင်းနဲ့ ထွက်ရှိတဲ့ စာအုပ်စာတမ်း တွေ၊ ကိုဗစ်-၁၉ မျိုးဗီဇစစ်ဆေးနိုင်တဲ့ စက်ကိရိယာတွေကို နမူနာပြသထားပါတယ်။ နောက်တစ်ခုက တိုင်းရင်းဆေးပညာဦးစီးဌာနပြခန်းမှာ မြန်မာ့တိုင်းရင်းဆေး ပင်တွေ၊ မြန်မာ့တိုင်းရင်း ဆေးခါးကြီးနဲ့ ကိုဗစ် - ၁၉ နဲ့တုပ်ကွေးရောဂါကုသဆေး သုတေသန အောင်မြင်မှုကနေ ဆက်လက်ဆေးဝါးထုတ်လုပ်မယ့်အစီအစဉ်တွေကို အသိပေးတင်ပြ ထားပါတယ်။ နောက်တစ်ခုကတော့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနအနေနဲ့ ပြည်သူတွေ နေ့စဉ်စားသောက်နေရတဲ့ အစားအသောက်တွေကို ဘေးကင်းလုံခြုံမှုရှိအောင် စစ်ဆေးဆောင်ရွက်မှုအခြေအနေတွေကို ခင်းကျင်းပြသထားတဲ့အတွက် လာရောက်လေ့လာ ကြဖို့ ဖိတ်ခေါ်ပါတယ်။

ဦးရဲမင်းအောင်(ညွှန်ကြားရေးမှူး)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဝန်ကြီးဌာနကိုယ်စားပြုပြခန်းမှာ အဓိကပြကွက် လေးကွက်ခွဲပြီး ပြသထားပါတယ်။ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးတို့ရဲ့ ဝတ်စားဆင်ယင်မှုပြကွက်၊ တိုင်းရင်းသားရိုးရာ တူရိယာပစ္စည်းတွေ၊ တိုင်းရင်း သားတွေရဲ့ ရိုးရာပွဲတော်တွေနဲ့ ရိုးရာဓလေ့တွေ၊ တိုင်းရင်းသားအစားအစာတွေ၊ ဝန်ကြီးဌာနရဲ့ ဝန်ကြီးဌာန မျှော်မှန်းချက်၊ ရည်မှန်းချက်တွေနဲ့ တိုင်းရင်းသားရိုးရာ ပုံပြင်စာအုပ်တွေအပြင် တိုင်းရင်း သားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို တိုင်းရင်းသားဘာသာစကား ပေါင်းစုံနဲ့ ထုတ်ဝေထားတာတွေ၊ တိုင်းရင်းသားရိုးရာအက အလှတွေကို ပြသထားပါတယ်။ ကျွန်တော်တို့ ပြခန်းမှာတော့ တိုင်းရင်းသားအားလုံး စုစည်းချစ်ကြည် ညီညွတ်မှုနဲ့ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ ပါစေဆိုတဲ့ အဓိပ္ပာယ်ကိုဖော်ဆောင်တဲ့ ပြခန်းပြကွက် တွေကို စုစည်းပြီးတော့ ပြသထားပါတယ်။ ဒီပြခန်းအပြင် ဝန်ကြီးဌာနကိုယ်စားပြု အလှပြယာဉ်နဲ့လည်း ပါဝင်ဆင်နွှဲသလို နေ့စဉ်ဖျော်ဖြေတဲ့ပွဲတွေမှာလည်း ပြခန်းရှေ့မှာ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုဌာနက အဖွဲ့တွေနဲ့ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့ တွေကလည်း စုပေါင်းတိုင်းရင်းသားအက၊ ရိုးရာတေးသီးချင်းတွေကိုလည်း ဖျော်ဖြေတင်ဆက်ကပြကြပါတယ်။ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းမှာ မတူကွဲပြားတဲ့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့တွေကို တစ်စုတစ်စည်းတည်း လေ့လာခွင့်ရတဲ့အတွက် တိုင်းရင်းသားအချင်းချင်း ယဉ်ကျေးမှုဓလေ့တွေကို အပြန်အလှန် သိရှိနိုင်ပြီး ငြိမ်းချမ်းသာယာတဲ့ နိုင်ငံတော်ကြီးတည်ဆောက်ရေး အတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြုနိုင်မှာဖြစ်ပါတယ်။

ဦးအောင်နိုင်မိုး (ဒုတိယညွှန်ကြားရေးမှူး)

မွန်ပြည်နယ် ရှေးဟောင်းသုတေသနဌာနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

မွန်ပြည်နယ် ယဉ်ကျေးမှုပြခန်းအခင်းအကျင်း အတွင်းရေးမှူးတာဝန်နဲ့ ရှေးဟောင်းသုတေသနဌာနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ယဉ်ကျေးမှုပြခန်းကိုလည်း တာဝန်ယူပြသပါတယ်။ ကျွန်တော်တို့ ပြခန်းကို ပြကွက် ၁၀ ခုနဲ့ ပြသထားပါတယ်။ သမိုင်းထဲက မွန်ပြည်နယ်ဆိုတဲ့ပြကွက်ကို တာဝန်ယူပြသပါတယ်။ ဟိုတယ်နဲ့ခရီးသွားပြကွက်၊ ဒေသထွက်ကုန် ပြကွက်၊ ရိုးရာယဉ်ကျေးမှုအလှ ရာမညဆိုတဲ့ ရိုးရာပြကွက်၊ ယဉ်ကျေးမှုအသုံးအဆောင်ပစ္စည်းတွေနဲ့ အဓိကထွက်ကုန်ဖြစ်တဲ့ ရော်ဘာကိုလည်း ပြသထားပါတယ်။ သမိုင်းထဲက မွန်ပြည်နယ် ပြခန်း ပြကွက်မှာဆိုရင် မွန်ပြည်နယ်မှာရှိတဲ့ ရှေးဟောင်း မြို့ပေါင်း ၃၀ ကျော်ကနေ ထင်ရှားတဲ့မြို့ သုံးမြို့ကို အဓိကထားပြီး ပြသထားပါတယ်။ သုဝဏ္ဏဘူမိ မြို့ဟောင်း သထုံမြို့ရယ်၊ ကျိုက္ကသာမြို့ ၊ ဝါးခရူမြို့ တွေကို အများပြည်သူဗဟုသုတရစေဖို့၊ ရှေးဟောင်း သုတေသနဘာသာရပ်ကို လေ့လာလိုက်စားတဲ့ သူတွေ လေ့လာကြည့်ရှုနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြသထားပါတယ်။ နောက်ထပ် မွန်ပြည်နယ်အတွင်း မှာရှိတဲ့ ထင်ရှားတဲ့ စေတီပုထိုးတွေ၊ ရှေးဟောင်း အဆောက်အအုံတွေ၊ ထင်ရှားခဲ့တဲ့ လူပုဂ္ဂိုလ်တွေကို လည်း ပြသထားပါတယ်။ ‌မွန်ပြည်နယ်အတွင်းမှာ စုဆောင်းရရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေ၊ ရှင်းလင်း ချက်တွေကို ဓာတ်ပုံမှတ်တမ်းနဲ့အတူ ပြသထားပါ တယ်။ ရိုးရာဟင်္သာမောင်နှံအကနဲ့ တစ်ပင်တိုင် အကတို့ကို ကြည့်ခွင့်ရတဲ့အတွက် နေပြည်တော်မှာ ရောက်ရှိနေစဉ်အတွင်းမှာ ရိုးရာတူရိယာများနဲ့လည်း ရိုးရာကို ဖော်ထုတ်တာလည်းဖြစ်သလို မွန်ရိုးရာ ယဉ်ကျေးမှု အများပြည်သူတွေသိရှိစေဖို့ ရည်ရွယ် ချက်နဲ့ ဖျော်ဖြေမှုတွေ ပြုလုပ်ပေးပါတယ်။

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ပြခန်းပြကွက်တွေ၊ ဂုဏ်ပြုယာဉ်တွေ လာရောက်ပြသပေးတဲ့အတွက် တိုင်းရင်းသား စည်းလုံးခြင်းကို ဖြစ်စေသလို ဗဟုသုတတွေ စုပေါင်းထားတဲ့နေရာဖြစ်တဲ့အတွက် လာရောက်လေ့လာကြပါ။ ဗဟုသုတတွေ အများကြီးရနိုင်ပါတယ်ဆိုတာ ထပ်လောင်းပြောကြား လိုပါတယ်။

တွေ့ဆုံမေးမြန်း - ဟိန်းထက်ဇော်၊ ဇင်ဦး၊ ဓာတ်ပုံ - ဇော်ဦး