နေပြည်တော် ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ်များဖြင့် Drop Bomb များ အကြောင်းမဲ့ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၃ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၆ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ အတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာ၏မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တို့မှနေ၍ Drone ယာဉ်များဖြင့် Drop Bomb ၇ လုံး အကြောင်းမဲ့ လာရောက်ပစ်ချတိုက်ခိုက်ခဲ့သဖြင့် Drop Bomb ၆ လုံးမှာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာအတွင်း နေထိုင်သည့် အပြစ်မဲ့ပြည်သူများဖြစ်သည့် ဒေါ်သေးတင် (၆၂) နှစ်၊ ဒေါ်ညိုထွေး (၄၅) နှစ်၊ ဒေါ်ဖြူဖြူသွဲ့ (၂၆) နှစ်၊ မောင်ဟိန်းထက်ဇော် (၁၇) နှစ်၊ မောင်ပြည့်စုံအောင် (၁၂) နှစ်၊ မောင်ဟန်မင်းထက် (၉) နှစ်နှင့် မောင်ပိုင်ပိုင် (၂) နှစ်တို့ ၇ ဦးတို့တွင် ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။
ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ ကျေးရွာနေပြည်သူများအား အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ငန်းများအား လုံခြုံရေးရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။