Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၄

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ပုလဲလမ်းရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား အထွေထွေမန်နေဂျာ(CNG)က သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ်များကို CNG ဖြန့်ဖြူးဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ CNG အရောင်းဆိုင် ၄၆ ဆိုင်မှ CNG ယာဉ်စီးရေ ၂၈၃၀၁ စီးကို နေ့စဉ်သဘာဝဓာတ်ငွေ့ (၁၈-၁၉ ) သန်းကျော်ရောင်းချပေးနေမှုကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးမှာကြားပြီး CNG ဌာနအတွင်းရှိ တစ်သျှူးငှက်ပျောများ စိုက်ပျိုးရန်လျာထားသောမြေနေရာများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် CNG အိုးများစစ်ဆေးသည့် Retest Factory စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက CNG ယာဉ်များတွင် တပ်ဆင်အသုံးပြုသည့် CNG Cylinder အိုးများကို ပြည်သူများဘေးအန္တရာယ် ကင်းရှင်းရေးအတွက် Retest ငါးနှစ်လျှင် တစ်ကြိမ်၊ သုံးနှစ်လျှင် တစ်ကြိမ်၊ နှစ်နှစ်ကျော်လျှင် တစ်ကြိမ်စစ်ဆေးပြီး သက်တမ်းပြည့်ပြီး CNG Cylinder အိုးများကို ဘေးအန္တရာယ်ကင်းရှင်းစေရန် အသစ်လဲဆောင်ရွက်ရေးအစီအစဉ်ကို တိကျစွာလိုက်နာ ဆောင်ရွက်သွားရန် မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွာမ Mother CNG အရောင်းဆိုင် ဆိုင်အမှတ်(၀၃၂) သို့ရောက်ရှိပြီး CNG ယာဉ်များ သဘာဝဓာတ်ငွေ့ဖြည့်တင်းနေမှု၊ ကွန်ပျူတာစနစ်ဖြင့်ဓာတ်ငွေ့ရောင်းချနေမှု၊ CNG စက်ပစ္စည်းများ ထိန်းသိမ်းမောင်းနှင်မှုနှင့် Daughter CNG အရောင်းဆိုင်များတွင် အသုံးပြုရန်အတွက် Jumbo Tube တွဲများ ဓာတ်ငွေ့ဖြည့်တင်းနေမှုများနှင့် CNG ဖြည့်တင်းနေသောခရီးသည်တင် YBS ယာဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်