Skip to main content

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၃

 

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၂)ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခဲ့မှုများနှင့် တားဆီးနှိမ်နင်းရေးဆောင်ရွက်ထားမှုများ၊ ၂၀၂၃ ခုနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများနှင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် ကြုံတွေ့ရသည့်အခက်အခဲများကို ညှိနှိုင်းဆွေးနွေးနိုင်ရန် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။

အကြမ်းဖက်ခြိမ်းခြောက်

အစွန်းရောက်အကြမ်းဖက်အုပ်စု ARSA အဖွဲ့သည် လူမျိုးရေးနှင့်ဘာသာရေးကိုအကြောင်းပြု၍ နယ်မြေအပိုင်စီးရယူလိုသည့် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ် မြောက်ဘက်ခြမ်းတွင် ပြည်သူများကို အကြမ်းဖက်ခြိမ်းခြောက်နေသည့်အဖွဲ့အစည်းဖြစ်ကြောင်း၊ အကြမ်းဖက်အုပ်စု CRPH/ NUG နှင့် ယင်း၏ လက်အောက်ခံအမည်အမျိုးမျိုးဖြင့်ဖွဲ့စည်းထားသော PDFs များသည် ဒီမိုကရေစီအရေးဟု ကြွေးကြော်နေသော်လည်း အစိုးရအုပ်ချုပ်မှုယန္တရားများကိုပျက်ပြားစေပြီး ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်အကြမ်းဖက်ခြိမ်းခြောက်၍ ၎င်းတို့ကိုထောက်ခံမှုရရှိစေရန် နိုင်ငံတော်အာဏာကို မတရားရယူရန် ကြိုးပမ်းနေသည့်အဖွဲ့အစည်းဖြစ်ကြောင်း၊ ရည်ရွယ်ချက်မတူညီသည့်အတွက် အကြမ်းဖက်မှုပုံစံနှင့် အပြစ်မဲ့ပြည်သူများကို ခြိမ်းခြောက်လုပ်ဆောင်သည့် ပုံစံများမတူညီကြောင်းနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်များ ပိုမိုအားကောင်းအောင်ဆောင်ရွက်နိုင်ရေး၊ ပြည်သူများအတွက် လုံခြုံမှုနှင့်တရားဥပဒေစိုးမိုးရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီစဉ်ခွင့်ပြုပေးထားသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးရန်ပုံငွေကို လုပ်ထုံးလုပ်နည်းနှင့်အညီ အကျိုးရှိအောင်သုံးစွဲနိုင်ရေး၊ ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေးတို့နှင့်စပ်လျဉ်း၍ ပြောကြားသည်။

ထို့နောက် ဗဟိုအဖွဲ့အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များနှင့် သုံးသပ်အကြံပြုချက်များကိုလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ ဌာနကြီးမှူးရဲမှူးချုပ် အောင်ဌေးမြင့်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ အင်တာပိုလ်၊ အာဆီယံရဲအဖွဲ့၊ နှစ်နိုင်ငံရဲတပ်ဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

သတင်းတုများတိုက်ဖျက်ရေး

ယင်းနောက် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တားဆီးနှိမ်နင်းရေးကဏ္ဍတွင် လုံခြုံရေးနှင့် သတင်းအချက်အလက်များရယူစုဆောင်း ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ နယ်စပ်ဒေသများတွင် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာပေးရေးလုပ်ငန်းစဉ်များဆောင်ရွက်ခဲ့မှုများ၊ သတင်းမှန်ပြန်ကြားရေးဆောင်ရွက်မှုများ၊ ပြည်သူများအကြမ်းဖက်ခံရမှု၊ နိုင်ငံပိုင်/ ပုဂ္ဂလိကပိုင် အဆောက်အဦနှင့်ဈေးများ၊ အရေးကြီးပစ္စည်းများ ဖောက်ခွဲ/ဖျက်ဆီးခံရမှု၊ လျှပ်စစ်တာဝါတိုင်၊ ဖုန်းတာဝါတိုင်များ ဖျက်ဆီးခံရမှုများနှင့်စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့်တားဆီးနှိမ်နင်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ နယ်မြေအလိုက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ၊ တရားစွဲဆိုရေး၊ ရန်ပုံငွေထူထောင်ရေး ဆောင်ရွက်ထားမှုများ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်ပရောက် အကြမ်းဖက်သမားများနှင့်ပတ်သက်၍ သံတမန်နည်းလမ်းဆောင်ရွက်မှုများ၊ ဥပဒေနှင့် နည်းဥပဒေဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက်နှင့် ပူးပေါင်းဆောင်ရွက်မှု၊ သတင်းတုများ တိုက်ဖျက်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

လက်ဦးမှုရယူဖော်ထုတ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ၂၀၂၃ ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်မှုအခြေအနေများအပေါ် ကြိုတင်ကာကွယ်ရေးအစီအမံများ၊ လုံခြုံမှုနှင့်တရားဥပဒေစိုးမိုးရေးထိရောက်မှုရှိရန် စီမံဆောင်ရွက်ထားမှုများ၊ အစွန်းရောက်မှုများ ကြိုတင်ကာကွယ်ရေးနှင့်အကြမ်းဖက်ဖြစ်စဉ်များကို လက်ဦးမှုရယူဖော်ထုတ်နိုင်ရေး စီစဉ်ဆောင် ရွက်သွားရန်အချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီစဉ်ခွင့်ပြုပေးထားသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးရန်ပုံငွေကို လုပ်ထုံးလုပ်နည်းနှင့်အညီ အကျိုးရှိထိရောက်စွာအသုံးပြုနိုင်ရေး၊ လုပ်ငန်းကော်မတီနှင့်လုပ်ငန်းအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ ဗဟိုအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရဲအရာရှိကြီးများ၊ ဘာသာရပ်ဆိုင်ရာအရာရှိကြီးများ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီးဗဟိုအဖွဲ့ဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

သတင်းစဉ်