Skip to main content

ပြည်ထောင်စုဝန်ကြီးဦးလှမိုး မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်းဆောင်ရွက်နေသော ကျေးရွာချင်းဆက်လမ်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်‌ဆေး

နေပြည်တော် ဒီဇင်ဘာ ၁

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးရွာချင်းဆက်လမ်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် နောင်လှိုင်-ပင်တီး ကျေးရွာချင်းဆက်လမ်း အရှည်တစ်မိုင်ငါးဖာလုံ ကတ္ကရာခြင်းလုပ်ငန်းခွင်နှင့် အင်းယားကျေးရွာအုပ်စု ကြီးကိုင်ကျေးရွာ ရွာတွင်းလမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ခြင်းပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

နောင်လှိုင်-ပင်တီး ကျေးရွာချင်းဆက်လမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယင်းလမ်းပြီးစီးပါက စိုက်ပျိုးမြေဧက ၇၂၀ ကျော်မှထွက်ရှိ‌သော လယ်ယာထုတ်ကုန်များ စီးဆင်းမှုအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းနှင့် ကြီးကိုင်ကျေးရွာ ကျေးရွာတွင်းလမ်း အရှည် ၂၄၅၅ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ကိုးလက်မထုကတ္တရာခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာနေပြည်သူများ၏ ထည့်ဝင်မှုတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကြီးကိုင်ကျေးရွာသို့ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာသူ၊ ကျေးရွာသားများ၊ ရပ်မိရပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ကျေးရွာ၏လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာတင်ပြကြရန်နှင့် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်သည့်လုပ်ငန်းများကို ချက်ချင်းဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အခြားဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးရမည့်လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စံပြကျေးရွာများဖြစ်ပေါ်လာစေရေးနှင့် ကျေးရွာ၏အခြေခံအဆောက်အအုံလိုအပ်ချက်များ၊ စီးပွားရေးလိုအပ်ချက်များကို တတ်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးပြောကြားခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသားများ၏ တင်ပြဆွေးနွေးမှုများကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ကြီးကိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်ပြီး ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ရင်းရင်းနှီးနှီးတွေ့ဆုံကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

(သတင်းစဉ်)