နေပြည်တော် နိုဝင်ဘာ ၃၀
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် လုပ်ငန်းကော်မတီဝင်များဖြစ်ကြသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ချေးငွေပြန်လည်ပေးဆပ်ရေးဆိုင်ရာကိစ္စများအတွက် လုပ်ငန်းကော်မတီက ညှိနှိုင်းဆောင်ရွက်ထားရှိမှု၊ ချေးငွေပြန်လည်ပေးဆပ်လျက်ရှိသည့်အခြေအနေများ၊ နိုင်ငံသားပိုင် ငါး၊ ပုဇွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလကို ချေးငွေသက်တမ်းစေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၁) နှစ် ထပ်မံတိုးမြှင့်ပေးမည့်အခြေအနေကို ဆွေးနွေးသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ချေးငွေစိစစ်ကြပ်မတ်ရေးဆိုင်ရာကိစ္စ၊ ပြည်နယ်/တိုင်းဒေသကြီးအလိုက် ချေးငွေပြန်လည်ကောက်ခံရရှိမှုနှင့် ချေးငွေအရင်း၊ အတိုးလက်ခံရရှိမှုကို ရှင်းလင်းတင်ပြဆွေးနွေးသည်။
အစည်းအဝေးတက်ရောက်လာကြသူများက ကိုဗစ်-၁၉ ကြောင့် စီးပွားရေးသက်ရောက်မှုများကုစားရေးအတွက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် နိုင်ငံသားပိုင် ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ထုတ်ပေးထားသည့် ချေးငွေများပြန်လည်ပေးဆပ်ရမည့်ကာလကို ချေးငွေသက်တမ်း တစ်နှစ်စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၁)နှစ် ထပ်မံတိုးမြှင့်ရေးကိစ္စကို အတည်ပြုညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)