နေပြည်တော် နိုဝင်ဘာ ၂၉
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ(စတုတ္ထနေ့)ကို ယနေ့ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ ဆက်လက် ကျင်းပသည်။
ပဒေသာကပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများမှ ဌာန ဆိုင်ရာ အကြီးအကဲများ၊ တပ်မတော်မှ အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဝန်ထမ်း မိသားစုများနှင့် ပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက် ကြည့်ရှုအားပေးကြသည်။
သီဆိုကပြဖျော်ဖြေ
ပဒေသာကပွဲတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ အနုပညာရှင်များက အောင်ယိမ်း၊ ပြန်လည်ထူထောင်ရေး၊ ဗိုလ်ရှုသဘင်၊ စိန်ရတုလွတ်လပ်ရေးနေ့ယိမ်း၊ ပင်ချင်းယှက်၍ နွယ်ချင်းခက်သော် တေးသီချင်း အဆိုအကများဖြင့် လည်းကောင်း၊ မှန်လိုက်တာ ဆရာရယ် ပြဇာတ် ဖြင့်လည်းကောင်း၊ ဥမကွဲ သိုက်မပျက်၊ ပန်းပန်ရင် နန်းဆန်မယ် ကျေးလက်ယိမ်း၊ သူရဲကောင်း အဓိပ္ပာယ်များ၊ ငြိမ်းချမ်းရေး ပန်းခင်း၊ မနောကြည်ချိုမြ ဗြောစည်တိုအက၊ We are Soldier တေးသီချင်း အဆိုအကများဖြင့် လည်းကောင်း၊ မျက်လှည့် အစီအစဉ်ဖြင့် လည်းကောင်း၊ ထာဝရလွတ်လပ်ရေး၊ အောင်မြင်ပါစေ မြန်မာပြည်၊ ပြည်ထောင်စု ကြီးငြိမ်းချမ်းပါစေ တိုင်းရင်းသားယိမ်း၊ ထာဝရသစ္စာ၊ မြန်မာ့ကြွေးကြော်သံ၊ သာတူညီမျှ တေးသီချင်း အဆိုအကများဖြင့် လည်းကောင်း၊ မြဝတီအငြိမ့် အဖွဲ့၏ ဖျော်ဖြေမှုဖြင့် လည်းကောင်း ပျော်ရွှင်စွာသီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုဆုငွေချီးမြှင့်
ဖျော်ဖြေတင်ဆက်မှု အပြီး တွင် အနုပညာရှင်များအား နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ဂုဏ်ပြုပန်းခြင်းကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဂုဏ်ပြုဆုငွေကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဂုဏ်ပြုဆုငွေ ကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ဖျော်ဖြေရေးကို ကြည့်ရှုအားပေးကြသည့် မိဘပြည်သူများက ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေများကို လည်း ကောင်း ပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ ပဒေသာကပွဲကို ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့ စေရန်နှင့်လွတ်လပ်ရေး၏ အငွေ့အသက်များ ခံစားနားလည်နိုင်စေရန် ရည်ရွယ်၍ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေး ဦးစီးကော်မတီတို့က ကြီးမှူးပြီး နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင် ကဇာတ်ရုံ၌ နိုဝင်ဘာ ၃၀ရက် အထိ ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအတွင်း ကပြဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်