Skip to main content

ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ပရဟိတဂေဟာများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်နှင့် ထောက်ပံ့ကြေး ပေးအပ်ခြင်းများ ဆောင်ရွက်

တောင်ကြီး နိုဝင်ဘာ ၂၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့အခြေစိုက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ပရဟိတဂေဟာများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။

ပရဟိတလုပ်ငန်းများရှင်းလင်း

ထို့သို့ တွေ့ဆုံစဉ် တက်ရောက်လာသည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အဖွဲ့အစည်းအလိုက် ဆောင်ရွက်လျက်ရှိသော ပရဟိတလုပ်ငန်းများကို ရှင်းလင်းခြင်း၊ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ရေးလုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် လိုအပ်ချက် အခက်အခဲများကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ကလေးသူငယ်များဖွံ့ဖြိုးရေး

နိုဝင်ဘာ ၂၇ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော တာဝန်ရှိသူများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ နောင်တောင်းပရဟိတ တပ်ဦးကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းတိုက်ဆရာတော် သာသနဓဇ ဓမ္မာစရိယ ဘဒ္ဒန္တ ရာဇိန္ဒသီရိအား ဖူးမြော်ကြည်ညိုကာ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အချက်များအားလျှောက်ထား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်ရှိ ပညာသင်ယူလျက်ရှိသော ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးခဲ့ကြသည်။

ထောက်ပံ့ကြေးပေးအပ်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မသန်စွမ်းသူများ မှတ်ပုံတင်လက်မှတ်နှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က တက်ရောက်လာသည့် မသန်စွမ်းသူများအတွက် မသန်စွမ်းမှတ်ပုံတင် လက်မှတ်များနှင့် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ဟိုပုံးမြို့နယ်အတွင်းရှိ မသန်စွမ်းသူ စုစုပေါင်း ၁၀၀ အတွက် ထောက်ပံ့ ကြေးငွေ ငွေကျပ် ၃၀၀၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

တွေ့ဆုံအားပေး

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်အတူ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ သူငယ်တော်ယေဇူး ပရဟိတကျောင်းသို့ရောက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ဒုတိယအဆင့်ဖြစ်သည့် ပရဟိတကျောင်းအတွင်း စားသောက်နေထိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုကာ ကလေးသူငယ်များအား တွေ့ဆုံ နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်