Skip to main content

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ၊ ဂုဏ်ပြုယာဉ်များ တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း

နေပြည်တော် နိုဝင်ဘာ ၂၈

(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ဂုဏ်ပြုယာဉ်များ တည်ဆောက်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဂုဏ်ပြုယာဉ်များ တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယစစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ခင်မောင်အေး၊ ဂုဏ်ပြုယာဉ်များ တည်ဆောက်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်သည့် နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့များမှ ဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ယခုနှစ် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့သည် အနှစ်သာရရှိပြီး ကြုံတောင့် ကြုံခဲနေ့တစ်နေ့ဖြစ်သည့်အတွက် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဂုဏ်ပြုယာဉ်ပေါ်တွင် ပြသထားရှိမည့် မြန်မာမှုရုပ်လုံး ရုပ်ကြွ၊ ပန်းချီ၊ ပန်းပုများ၊ ရိုးရာယဉ်ကျေးမှုအထိမ်းအမှတ်များ၊ ဝန်ကြီးဌာနများ၏ အထင်ကရကြိုးပမ်း လုပ်ဆောင်ချက်များ ပြသရာတွင် ဂုဏ်ပြုယာဉ်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ သတ်မှတ်စည်းကမ်းချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့များမှ လိုက်နာဆောင်ရွက်ပြီး ဂုဏ်ပြုယာဉ်များ သတ်မှတ်အချိန်မီပြီးစီးရေး ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယစစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ခင်မောင်အေးက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားအတွက် ဂုဏ်ပြုယာဉ်များ တည်ဆောက်ရေးလုပ်ငန်းကော်မတီ၊ ကြီးကြပ်မှု ဆပ်ကော်မတီများ၏ လုပ်ငန်းတာဝန်များ၊လိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ စည်းကမ်းများ၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဂုဏ်ပြုယာဉ်များ တည်ဆောက်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်သည့် နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်ရန်နှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုယာဉ်များ သတ်မှတ်ချက်နှင့်အညီ လှပခံ့ညားအောင် တည်ဆောက်ရန်၊ ယာဉ်များကြံ့ခိုင်မှုရှိစေရေး၊ အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်အချိန်မီ ပြီးစီးရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်