ရန်ကုန် နိုဝင်ဘာ ၂၇
နိုင်ငံတော်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများ၏ နိုင်ငံနှင့်ပြည်သူအတွက် ကြိုးစားပေးမှုကို ဂုဏ်ပြုသောအားဖြင့် အသက် ၆၀ ပြည့်မြောက်ချိန်မှစပြီး အသက်ရှင်နေသမျှ ကာလပတ်လုံး လစဉ်ချီးမြှင့်ကြေးများ ထောက်ပံ့ပေးလျက်ရှိရာ ယခုဆိုလျှင် ၂၂၃ ဦးအတွက် စုစုပေါင်းငွေကျပ် ၁၄၄ သိန်း လစဉ်ချီးမြှင့်ပေးနေပြီဖြစ်ကြောင်းနှင့် ထပ်မံ၍ အသက် ၆၀ ပြည့်ပြီးသူများကို ခံစားခွင့် ရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြောကြားသည်။
ယနေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပသည့် မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများ အသင်း ဆဋ္ဌမအကြိမ် စုံညီတွေ့ဆုံပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ကချီးမြှင့်သည့် ဘွဲ့ထူး၊ ဂုဏ်ထူးများရရှိရေးကို စိစစ် ထောက်ခံပေးလျက်ရှိကြောင်းနှင့် ယနေ့အထိ ၄၂၀ ရရှိပြီးဖြစ်ကြောင်း၊ ဆက်လက်၍ စိစစ်ထောက်ခံ ပေးသွားမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ် မေလအတွင်း ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ (၃၃)ကြိမ်မြောက်နှင့် နောက်ပိုင်းကျင်းပမည့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲများ၊ အာရှအဆင့်ပြိုင်ပွဲများ၊ နိုင်ငံတကာအဆင့် ဖိတ်ခေါ်ပြိုင်ပွဲများတွင် ထိုက်သင့်သည့် အောင်မြင်မှုရရှိစေရန် အိုလံပစ်အားကစား နည်းများအပါအဝင် အားကစားနည်းများ ရွေးချယ်သတ်မှတ်ပြီး နည်းပြ/ ဒိုင်သင်တန်းများ၊ အားကစား အခြေခံ/ အဆင့်မြှင့်သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အားကစားကလပ်များကို ပံ့ပိုးပေးခြင်း၊ လက်ရှိ ကျင်းပနေသည့် ပြိုင်ပွဲများအပြင် ကလပ်ပေါင်းစုံ ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ပြိုင်ပွဲအသီးသီးက ထူးချွန်သည့် အားကစားသမားများကို အသက်အရွယ်နှင့် ထူးချွန်မှုအလိုက် အားကစားနှင့် ကာယပညာသိပ္ပံများနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်းတို့တွင် လက်ခံလေ့ကျင့်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။
ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်းအတွက် ငွေကျပ် ၁၀ သိန်း၊ စပို့ရှပ်အထည် ၂၅၀ နှင့် Truck Suit ၂၇ စုံကိုပေးအပ်ခဲ့ပြီး အလှူရှင်များက တာဝန်ရှိသူများထံ လှူဒါန်းငွေများ ပေးအပ်လှူဒါန်းခြင်း၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း၏ နှစ်ပတ်လည် မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီခဲ့သူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်း၊ ၂၀၂၁-၂၀၂၂ အတွက် ထုတ်ဝေသောမဂ္ဂဇင်းများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၊ အမျိုးသားမှတ်တမ်းများ၊ မော်ကွန်းတိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်နှင့် စာပေဗိမာန်စာကြည့်တိုက်များသို့ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ယမန်နေ့ ညနေပိုင်းက တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အတူတကွ ညစာသုံးဆောင်ကာ မိမိနိုင်ငံအတွက် အကျိုးပြုနိုင်သည့် အားကစားသမားကောင်းများ၊ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားအားထုတ်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
သတင်းစဉ်