နေပြည်တော် နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစီအမံများ ချမှတ်ဆောင်ရွက်
ဦးစွာပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က လာမည့်နွေရာသီကာလတွင် ပြည်သူလူထု၏ တစ်နေ့တာ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်မပေးနိုင်သော်လည်း ရရှိသည့် လျှပ်စစ်ဓာတ်အားကို လူတိုင်းအချိန်ပိုင်းအလိုက် မျှဝေခံစားနိုင်အောင် ဓာတ်အားဖြန့်ဖြူး ပေးသွားမည့် အစီအမံများ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့အချိန်ပိုင်းအလိုက် ဓာတ်အားသုံးစွဲမှုပေးဝေ နိုင်သောအချိန်များတွင်လည်း ရရှိသည့်အချိန်အတိုင်း အပြည့်အဝရရှိစေရန် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် ဓာတ်အားခွဲရုံများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသဖြင့် ကြိုတင်၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားရန် လိုအပ်ကြောင်း။
ထို့ပြင် ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့အတွက် ဓာတ်အားလိုင်းများ သန့်ရှင်းရေးပြုလုပ်ခြင်း အပါအဝင် ထိန်းသိမ်းပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ သယ်ယူပို့ဆောင်ပေးနေသော ဓာတ်အားလိုင်းများအနေဖြင့်လည်း လိုင်းတစ်လိုင်း အပြစ်ဖြစ်ပွားချိန်၌ အခြားလိုင်းတစ်လိုင်းမှ ပြန်လည်ပေးအပ်နိုင်ရေး စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သည့် အလျောက် မိမိတို့လုပ်ဆောင်မှုများအပေါ် ပြည်သူများမှ နားလည်လက်ခံလာစေရေး ထိတွေ့ပြောဆိုချပြ ဆောင်ရွက်သွားရန်နှင့် ပြည်သူလူထုသို့ အရည်အသွေးပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ ဌာနအကြီးအကဲများအနေဖြင့်လည်း မိမိတို့ဝန်ထမ်းများနှင့် အမြဲတစေတွေ့ဆုံနေကာ လိုအပ်သည့် သက်သာချောင်ချိရေးကိစ္စရပ်များနှင့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနေရန် လိုအပ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်သည် မကြာမီကုန်ဆုံးတော့မည်ဖြစ်၍ မိမိတို့၏ရရှိသည့် ဘဏ္ဍာငွေများအပေါ် သတ်မှတ်သည့် စီမံကိန်းများ ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ဓာတ်အားထုတ်လုပ်မှုကို လည်းကောင်း၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဓာတ်အားဖြန့်ဖြူးမှုကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ် မန်နေဂျာများနှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာများက မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှုနှင့် လာမည့်နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာဦးစီးဌာန လုပ်ငန်းများအလိုက် ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက ဖြည့်စွက်ဆွေးနွေးတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်