နေပြည်တော် နိုဝင်ဘာ ၂၇
တရုတ် - အာဆီယံ ဆောက်လုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်နှင့် အဆင့်မြင့်အရည်အသွေးရှိ နေထိုင်မှုဝန်းကျင်ပြပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က Video Key Note Speech ဖြင့် အမှာစကား ပြောကြားခဲ့သည်။
အတွေ့အကြုံများမျှဝေ
ပြည်ထောင်စုဝန်ကြီးက ယခုဖိုရမ်ကို ကျင်းပခြင်းဖြင့် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် အာဆီယံ - တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အာဆီယံ - တရုတ် အသိုက်အဝန်းအတွက် အပြန်အလှန် အကျိုးစီးပွားရရှိစေရေး အားဖြည့်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လူနေမှုအဆင့်အတန်း မြင့်မားသော လူမှုအသိုက်အဝန်း ဖြစ်ထွန်းလာစေရန် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို နိုင်ငံအသီးသီးရှိ ကဏ္ဍအလိုက် ကျွမ်းကျင်သူများနှင့် ခေါင်းဆောင်များက အတွေ့အကြုံများမျှဝေကာ အပြန်အလှန် နှီးနှောဖလှယ်ခွင့် ရရှိမည်ဖြစ်သည့်အတွက် အထူးအခွင့်အရေးတစ်ရပ် ဖြစ်ပါကြောင်း။
တရုတ် - အာဆီယံအသိုက်အဝန်း
ကျေးလက် - မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ကာဗွန်လျော့နည်းသော ဖွံ့ဖြိုးတိုးတက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ စီးပွားရေးနှင့်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုများ၊ Belt and Road Initiative အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများစသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်းဖြင့် ပိုမိုရင်းနှီးသော တရုတ် - အာဆီယံ အသိုက်အဝန်းတွင် ပါဝင်ခွင့်ရရှိပြီး ပိုမိုလေ့လာခွင့်များလည်း ရရှိမည်ဖြစ်ပါကြောင်း။
ယခုဖိုရမ်သည် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍ တိုးတက်လာစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူ့အသိုက်အဝန်းများ တည်ဆောက်ရန်အတွက် အလွန်ပင် အထောက်အကူဖြစ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပိုမိုကောင်းမွန်တောက်ပသော အနာဂတ် လူ့အဖွဲ့အစည်းဖြစ်စေရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် အတူတကွ လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားသည်။
ဒစ်ဂျစ်တယ်ဆောက်လုပ်ရေး
အဆိုပါဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ အစိုးရအဆင့်မြင့် အရာရှိကြီးများ၊ တရုတ်မှ အင်ဂျင်နီယာနှင့် ကျွမ်းကျင်ပညာရှင်များ၊ ပြည်တွင်း/ပြည်ပ ဆောက်လုပ်ရေးလုပ်ငန်းများမှ ပညာရှင်များ၊ ပြည်နယ်အသီးသီးရှိ အိမ်ရာနှင့် မြို့ပြ - ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ အရာရှိများ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ဆောက်လုပ်ရေး အတိုင်ပင်ခံလုပ်ငန်း၊ ဒီဇိုင်းလုပ်ငန်းနှင့် ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းတို့မှ ပညာရှင်များနှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်တက်ရောက်ကြပြီး RCEP မူဝါဒများနှင့် အခွင့်အလမ်းများ၊ ဆောက်လုပ်ရေးဆိုင်ရာ အင်တာနက်၊ အများပြည်သူလုံခြုံမှုနည်းပညာနှင့် မြို့ပြလုံခြုံမှု၊ Smart Infrastructure ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်ဆောက်လုပ်ရေးနှင့် အဆောက်အအုံများ တိုးတက်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းတွင် ကာဗွန်ထုတ်လုပ်မှုနှင့် ကာဗွန်စုပ်ယူမှု မျှခြေရှိသည့် အခြေအနေတို့ကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်