နေပြည်တော် နိုဝင်ဘာ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် အကျိုးတူလယ်ယာ Contract Farming စနစ်ဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်းတွင် လုပ်ငန်းစဉ်အလိုက် ပေါင်းစပ်ဆောင်ရွက်ကြမည့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက အကျိုးတူလယ်ယာစနစ် သီးသန့်စိုက်ပျိုးထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်ကလမ်းညွှန်ထားသည့် အကျိုးတူကန်ထရိုက် လယ်ယာ Contract Farming စနစ်ဖြင့် နွေစပါးဧက၈ ဒသမ ၅ သိန်း၊ ဆောင်းပဲတီစိမ်းဧက ၅ သိန်းစိုက်ပျိုးထုတ်လုပ်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးဌာနများအကြား ပေါင်းစပ်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ တောင်သူများလက်ဝယ်သို့ သွင်းအားစုများတိုက်ရိုက်ရောက်ရှိပြီး ထွက်ကုန်များအတွက် ဈေးကွက်နှင့် ဝင်ငွေခိုင်မာစွာ ရရှိစေရေး အကျိုးတူလယ်ယာလုပ်ငန်းအစီအမံများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက အကျိုးတူလယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မည့် နွေစပါး၊ ပဲတီစိမ်း သီးနှံပုံစံများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် သမဝါယမအသင်းများအပါအဝင် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်အလိုက် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်သည့် အကျိုးတူလယ်ယာစနစ်ဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးက အကျိုးတူလယ်ယာ (ContractFarming) စနစ်ဖြင့် ဆောင်ရွက်မည့် ဝန်ဆောင်မှုဆိုင်ရာ နည်းလမ်းများကိုလည်းကောင်း၊ စိုက်ပျိုးထွက်ရှိလာမည့် သီးနှံများအား ဈေးကွက်တင်ပို့ရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ကြမည့် ဝန်ကြီးဌာနအသီးသီး၏ အခန်းကဏ္ဍများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က အကျိုးတူလယ်ယာစနစ်ဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းအတွက် အသုံးပြုမည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရန် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က လယ်ယာ ကဏ္ဍတွင် သွင်းအားစုများ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ခြင်းဖြင့် သီးထပ်စွမ်းအားနှင့် သီးနှံအထွက်နှုန်းတိုးတက်လာပြီး ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်လာမည်ဖြစ်၍ စီမံကိန်းလုပ်ငန်းများ ရည်မှန်းချက်ပြည့်မီစွာ အကောင်အထည် ဖော်နိုင်ရေး လိုအပ်ချက်များကိုလည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်နေပြည်သူများအား လယ်ယာကုန်ထုတ် သမဝါယမအသင်းအဖွဲ့များ တိုးချဲ့ဖွဲ့စည်းပေးပြီး သီးနှံမျိုးကောင်းမျိုးသန့်အသုံးပြုရေး သွင်းအားစုမှန်ကန်ရေးနှင့် အရည်အသွေးကောင်းထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးခြင်းဖြင့် ရေရှည်တွင် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချမည့် လယ်ယာထွက်ကုန်သီးနှံများ အရည်အသွေးပြည့်မီရေး၊ ဈေးကွက်အာမခံချက်နှင့် အကျိုးအမြတ်ရရှိရေးအတွက် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် ပါဝင်ပတ်သက်သောလုပ်ငန်းများ အချိတ်အဆက်မိမိဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကိုလည်းကောင်း ဆွေးနွေးပြောကြားကြသည်။
ထို့နောက် ဒုတိယဝန်ကြီးများနှင့် အစည်းအဝေး တက်ရောက်လာကြသူများက အကျိုးတူစီမံကိန်းလုပ်ငန်း ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများ၊ ရန်ပုံငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် ချေးငွေများ အပြည့်အဝပြန်လည်ရရှိပြီး နောက်ရာသီများတွင် ဆက်လက်အကောင်အထည်ဖော်နိုင်သဖြင့် ဘက်စုံ ကဏ္ဍစုံ ရေရှည်အကျိုးဖြစ်ထွန်းစေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်