နေပြည်တော် အောက်တိုဘာ ၁၇
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့ နံနက် ၈ နာရီခွဲတွင် အရိုးရောဂါအထူးကုဆေးရုံကြီး - ရန်ကုန်သို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ခံအင်ဂျင်နီယာများက ငါးထပ်ဆေးရုံ အဆောက်အအုံသစ်နှင့် ရှစ်ခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှုကို လည်းကောင်း၊ ဆေးရုံအုပ်ကြီးက ဆေးရုံလုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ဖြည့်စွက်တင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငါးထပ်အဆောက်အအုံသစ်ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ နိုင်ငံတကာအဆင့်မီ ခေတ်မီဆေးရုံ အဆောက်အအုံဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ကြရန်၊ လူနာများ စိတ်ချမ်းသာစွာ ကုသမှုခံယူနိုင်ရေး ပံ့ပိုးဆောင်ရွက်ရန်၊ ဆေးရုံသုံးပစ္စည်း ပြင်ဆင်ထိန်းသိမ်းမှုများ ပုံမှန်ဆောင်ရွက်ထားရှိရန်၊ ဝန်ထမ်းသက်သာချောင်ချိရေး အလေးထား ဆောင်ရွက်ပေးရန်နှင့် ဆေးရုံကြီးသာယာလှပစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အရိုးအထူးကုဆေးရုံကြီးရှိ ခါးရိုးခွဲစိတ်ကုသ လူနာဆောင်နှင့် သံလိုက်ဓာတ်မှန်ခန်း(MRI scan Room)တို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်