နေပြည်တော် အောက်တိုဘာ ၁၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းတို့နှင့်အတူ အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက မြောင်းမြမြို့ရှိ သူနာပြုသင်တန်းကျောင်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားခဲ့ရာတွင် သူနာပြု/သားဖွား သင်တန်းကျောင်းများသည် ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှုအတွက် မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိသည့်အတွက် ဂုဏ်ယူကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သူနာပြုများအတွက် ဝတ်စုံစရိတ်၊ စားစရိတ်၊ အုပ်ချုပ်မှုစရိတ်များကို ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း၊ သူနာပြုများအနေဖြင့် မိမိတို့၏ ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်မှုအတွက် အမြဲကြိုးစားရမည်ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သူနာပြုကျင့်ဝတ်များနှင့်အညီ သူနာပြုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တစ်တပ်တစ်အား ပါဝင်ကူညီဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းသူ သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း ပြည်သူ့ဆေးရုံကြီးများ၌ တာဝန်ထမ်းဆောင်ချိန်တွင် သူနာပြုကျင့်ဝတ်များနှင့်အညီ ကြိုးစားသင်ယူကြစေလိုကြောင်း မှာကြား သည်။
ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းလမ်းညွှန် အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြောင်းမြသူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး (လက်ထောက်ညွှန်ကြားရေးမှူး) ဒေါ်နော်ကပေါ်ရှီးက သင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို လမ်းညွှန်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည် သင်တန်းကျောင်းအတွင်း စာကြည့်တိုက်နှင့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံကြီး - မြောင်းမြမြို့သို့ ရောက်ရှိရာ ရှေးဦးစွာ ဆေးရုံအုပ်ကြီးက ဆေးရုံလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လူ့စွမ်းအားအရင်းအမြစ်များကို အကျိုးရှိ ထိရောက်စွာဖြင့် အသုံးချရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် အားကိုးအားထားရသည့် ဆေးရုံကြီးဖြစ်အောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ ကုသရေး အထောက်အကူပြု ဓာတ်ခွဲ/ ဓာတ်မှန် လုပ်ငန်းများ အပြည့်အဝဆောင်ရွက်နိုင်အောင် ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ကျွမ်းကျင်ဝန်ထမ်းများအတွက် risk allowance ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ဆေးကု သမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆေးပညာကျင့်ဝတ်(Ethics and Professionalism)ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် စောင့်ထိန်းရမည် ဖြစ်ပြီး အတ္တဟိတ၊ ပရဟိတမျှတစွာဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအကျိုးကို ရှေးရှု၍ ဆေးရုံလုပ်ငန်းများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင် တာဝန်ရှိသူအသီးသီးက ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ဆေးရုံလုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးရုံကြီးအတွင်းရှိ ဓာတ်မှန်ဌာန၊ ကွန်ပြူတာဓာတ်မှန်ဌာန၊ သွားနှင့်ခံတွင်းကုသရေးဌာန၊ ဓာတ်ခွဲဌာန၊ ကျောက်ကပ် သွေးသန့်စင်ဌာနများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝါးခယ်မမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆေးကုသမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ ဆေးရုံဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ဆေးရုံပတ်ဝန်း ကျင်သာယာလှပမှုရှိစေရေး၊ လူနာများဆေးကုသမှု ကုန်ကျစရိတ်အတွက် မိမိအိတ်ကပ်ထဲမှ စိုက်ထုတ်သုံးစွဲမှု (Out of Pocket Expenditure)မရှိစေရေးနှင့် ဝန်ကြီးဌာနမှ ထောက်ပံ့ထားသည့် ဆေးနှင့် ဆေးပစ္စည်းများကို ထိရောက်စွာနှင့် အလေအလွင့်မရှိ အသုံးပြုနိုင်ရေး လမ်းညွှန်မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်ကျွန်း ပြည်သူ့ဆေးရုံနှင့် ဘိုကလေးမြို့ ပြည်သူ့ဆေးရုံများသို့ သွားရောက်၍ ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆေးကုသရေးအထောက်အကူပြု လုပ်ငန်းများဖြစ်သည့် ဓာတ်ခွဲ/ ဓာတ်မှန်လုပ်ငန်းများ အပြည့်အဝ လည်ပတ်ဆောင်ရွက်နိုင်ရေးနှင့် လူနာများဓာတ်ခွဲ စမ်းသပ် စစ်ဆေးမှုအတွက် ငွေကြေးကုန်ကျစရိတ် မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားသည်။
ဆက်လက်၍ ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးက ဆေးရုံလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို လမ်းညွှန်မှာကြား ဖြည့်ဆည်းပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည် ဆေးရုံကြီးအတွင်းရှိ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ဌာန၊ အထူးကြပ်မတ်ကုသဆောင်နှင့် လူနာဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လူနာ များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍မွေးဖွားပြီး မိခင်များကို အာဟာရလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်