Skip to main content

မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ၏ နှစ် (၅၀) ပြည့် ရွှေရတုသဘင် အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၆

မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ၏ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁၆ ရက်က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် မွန်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)နာယက မိဥဥအောင်နှင့် ဥက္က ဒေါက်တာ မင်းခင်စိန် တို့က မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ၏ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် ပြည်ထောင်စု ခန်းမအတွင်း မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ၏ နှစ်(၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် ပြခန်းကို ကြည့်ရှုအားပေးသည်။

အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မွန်လူမျိုးများသည် သမိုင်းအစဉ်အလာကြီးမားပြီး စာပေ၊ ယဉ်ကျေးမှုနှင့်အနုပညာတို့ကို မြတ်နိုးကြသူများဖြစ်သည့်အပြင် စည်းလုံးညီညွတ်မှုရှိသော လူမျိုးတစ်မျိုးဖြစ်ကြောင်းကို လေ့လာတွေ့ရှိရကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် ပါတီနိုင်ငံရေးနှင့် ဆက်သွယ်မှုမရှိဘဲ မိမိတို့၏စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက်ကိုသာ ဆောင်ရွက်ကြရမည့်အဖွဲ့အစည်းပင်ဖြစ်ကြောင်း။

တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စု စိတ်ဓာတ်တိုးတက်ခိုင်မာလာစေရန်နှင့် တိုင်းရင်း သားလူမျိုးများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်မှာ မိမိတို့ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၏ မျှော်မှန်းချက်ဖြစ်ပြီး ယင်းမျှော်မှန်း ချက်အတိုင်းလည်း အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကိစ္စရပ်များ ထိန်းသိမ်းမြှင့်တင်ရာတွင် လိုအပ်သည့်အကူအညီများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးများမှလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများမှတစ်ဆင့်လည်းကောင်း၊ မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန (ရုံးချုပ်) သို့လည်းကောင်း လိုအပ်သည့် အကူအညီ များကို တင်ပြတောင်းခံနိုင်ပါကြောင်း။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်သည် စည်းလုံးညီညွတ်မှုရှိရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှုရှိမှ တိုင်းပြည်ငြိမ်ဝပ်ပိပြားပြီး တိုင်းပြည်အေးချမ်းသာယာမည်ဖြစ်ကြောင်း၊ တိုင်းပြည် အေးချမ်းသာယာမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးနှင့် အေးချမ်းသာယာမှုမှသည် ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဦးတည်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက လူမျိုးတစ်မျိုး တည်တံ့ခိုင်မြဲရေးသည် ဘာသာ၊ စကား၊ စာပေတို့ မပျောက်ပျက်ရန် အလွန်အရေးကြီးကြောင်း၊ စကား၊ စာပေပျောက်ကွယ်လျှင် လူမျိုးပါ ပျောက်ကွယ်သွားမည်ဖြစ်ပြီး မိမိတို့လူမျိုး မပျောက်ပျက်စေရန် ဘာသာစကား၊ စာပေနှင့်ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ကြရန် အရေးကြီးလှပါကြောင်း ပြောကြားသည်။

ထို့နောက် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဂုဏ်ထူးဆောင်နာယက နိုင်ချစ်ဖေက ဝမ်းမြောက်စကားပြောကြားပြီး မွန်စာပေနှင့် ယဉ်ကျေးမှု (ရန်ကုန်) နှစ်(၅၀) ပြည့် ရွှေရတုအထိမ်း အမှတ်ပွဲတော်ကျင်းပရေးကော်မတီဥက္က ဒေါက်တာမင်းခင်စိန်က ရွှေရတုသဘင် ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မွန်စာပေနှင့်ယဉ်ကျေးမှု (ရန်ကုန်) နှစ်(၅၀) ပြည့် ရွှေရတု အထိမ်းအမှတ်အခမ်းအနားအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဒေါက်တာမင်းခင်စိန်တို့က ၁၉၇၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ် (၅၀) အတွင်း မွန်စာပေနှင့် ယဉ်ကျေးမှု (ရန်ကုန်) တွင် တာဝန် ထမ်းဆောင်ခဲ့ကြသည့် ဥက္ကများ၊ ဒုတိယဥက္ကများနှင့် အတွင်းရေးမှူးများအား ကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် မွန်ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းကြောင်း သတင်းရရှိသည်။

သတင်းစဉ်