၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့သည် မြန်မာ့ရုပ်ရှင်လောကသားတို့အတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နေ့တစ်နေ့ဖြစ်သည်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းတွင်ရှိသော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ရုပ်ရှင်လောကမှ အနုပညာရှင်များ ပန်းဥယျာဉ်ကြီးအတွင်း ပန်းပေါင်းစုံပွင့်လန်းသည့် ပမာဝေဝေဆာဆာဖြင့်စုရုံးရောက်ရှိ လျက်ရှိသည်။ တစ်ချိန်က အာရှတွင် မြန်မာ့ရုပ်ရှင်သည် နာမည်တစ်ခုဖြင့် အဆင့်မီမီရပ်တည်ခဲ့သည်။ ထိုသို့ ရပ်တည်နိုင်ရန် မြန်မာ့ရုပ်ရှင်ကို ရုပ်ရှင်ချစ်ပြည်သူများ၏ အားပေးမှုနှင့်အတူ မြန်မာ့ရုပ်ရှင် ဖခင်ဒါရိုက်တာကြီးများက ကြိုးပမ်းအားထုတ်ခဲ့ကြသည်။
ထိုနည်းတူ ရုပ်ရှင်သရုပ်ဆောင်များသည်လည်း မြန်မာ့ရုပ်ရှင်ကို ခံ့ညားထည်ဝါစေလိုသော ရုပ်ရှင်ဖခင်ဒါရိုက်တာကြီးများ၏ လက်ထပ်သင်ကြားပေးမှုဖြင့် ခေတ်အဆက်ဆက်အောင်မြင်မှုရရှိခဲ့ကြပြီး အချို့မှာ ယနေ့တိုင် သက်ရှိထင်ရှားကျန်ရှိလျက်ရှိကာ ဆက်လက်၍လည်း မြန်မာ့ရုပ်ရှင်၏ သမိုင်းပေးတာဝန်ကို ထမ်းဆောင်နေကြလျက်ရှိသည်။ အသက် ၇၀ ကျော်၊ ၈၀ ကျော်အထိ ရုပ်ရှင်ကို အသက်နှင့်ထပ်တူချစ်မြတ်နိုးပြီး ရုပ်ရှင်လုပ်ငန်းဖြင့် တိုင်းပြည်နှင့် လူမျိုးကို အလုပ်အကျွေးပြုလျက်ရှိသည်။
ယနေ့တွင် အနုပညာစွမ်းရည်ပြည့်ဝသော အနုပညာရှင်နှစ်ဦးအား နိုင်ငံတော်မှ ရုပ်ရှင်တစ်သက်တာဆုကို ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်သောအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုသူတို့ကို အသက် ၄၀၊ ၅၀ ကျော် ရုပ်ရှင်ချစ်ပြည်သူများ ပိုမိုသိရှိကြမည်ဖြစ်သည်။ အကယ်ဒမီခုနစ်ဆုရရှိခဲ့သော ရုပ်ရှင်မင်းသားကြီး ဦးညွန့်ဝင်းနှင့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဦးအောင်လွင်တို့ပင် ဖြစ်ပေသည်။ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်မှာ ရုပ်ရှင်လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်နိုင်လျက်ရှိသော်လည်း အကယ်ဒမီဆုများရှင် သရုပ်ဆောင်ဦးညွန့်ဝင်းမှာ အသက် ၈၀ တွင် ကွယ်လွန်ခဲ့ပြီဖြစ်သည်။ ရုပ်ရှင်ကြည့်ပရိသတ်တို့၏နှလုံးသားကို ညှို့ယူဖမ်းနိုင်စားခဲ့သည့် ရုပ်ရှင်မင်းသားကြီးနှစ်ဦးအတွက် ရုပ်ရှင်တစ်သက်တာဆုပေးပွဲမှ တာဝန်ရှိသူတို့၏ လွမ်းမောဖွယ်ပီတိ စကားသံတို့ကို ယခုလိုဖော်ပြလိုက်ရပါသည်။
ဦးကြည်စိုးထွန်း (မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)
ရုပ်ရှင်တစ်သက်တာဆုပေးအပ်ပွဲမှာ နှစ်ဦးကိုပေးသွားတာပါ။ အရင်သုံးနှစ်ကတည်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့က တစ်သက်တာဆုအဖြစ် လျာထားခဲ့တဲ့သူတွေပါ။ ရုပ်ရှင်အကယ်ဒမီဆုမပေးနိုင်ခင်မှာ အချို့လည်း အသက်ရပြီး ဆုံးပါးသွားသူတွေလည်းရှိတာကြောင့် အခုလိုပေးတာပါ။ ရုပ်ရှင်တစ်သက်တာဆုအတွက် လျာထားတာက အသက် ၈၀ ရှိရမယ်။ ရုပ်ရှင်လုပ်သက်နှစ် ၅၀ ရှိရမယ်။ နိုင်ငံတော် ကပေးတဲ့ဆုတစ်ဆုရရှိထားပြီး ရုပ်ရှင်လောကသားတွေအကျိုးကို ဆောင်ရွက်သူ၊ ကြည်ညိုသူလည်း ဖြစ်ရမယ်ဆိုတဲ့အချက်ငါးချက်နဲ့ ပြည့်စုံသူကိုပေးတာပါ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်လောကသားတွေက ပထမဆုံး ဦးတင်ယုကို ဆုပေးခဲ့တယ်။ အဘဗိုလ်ကလေးတင့်အောင်နဲ့ ဒေါ်မြင့်မြင့်ခင်တို့ကို နိုင်ငံတော်က ဆုချီးမြှင့်ခဲ့တယ်။ အခုပုဂ္ဂိုလ်နှစ်ဦးကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရွေးချယ်ပေးပြီး နိုင်ငံတော်က အသိအမှတ်ပြုပြီးတော့ ရုပ်ရှင်တစ်သက်တာဆုကို ချီးမြှင့်တာပါ။ ဆုအနေနဲ့ ရွှေ ငါးကျပ်သားပါတဲ့ အကယ်ဒမီရွှေစင်ရုပ်တုကို ပေးအပ်တာပါ။
ရုပ်ရှင်မင်းသားကြီးဦးညွန့်ဝင်း အခုရှိမယ်ဆိုရင် အသက် ၈၃ နှစ်ရှိပါပြီ။ သူအသက် ၈၀ မှာကွယ်လွန်သွားခဲ့တယ်။ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်က အသက် ၈၇ နှစ်ရှိပြီ။ သူကတော့မာမာချာချာပါပဲ။ အခုအသက်အရွယ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ တာဝန်ထမ်းဆောင်ဆဲပါပဲ။ တကယ်လို့သာ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီပေးခဲ့ရင် ဦးညွန့်ဝင်းလည်းမီတယ်။ မပေးခဲ့နိုင်ဘူး။ ဦးအောင်လွင်လည်း အသက်ကြီးနေပြီဆိုတော့ ရှိနေချိန်မှာပေးချင်တယ်။ နိုင်ငံတော်ကလည်းကူညီတယ်၊ ကျွန်တော်တို့ကလည်း ကြိုးစားတယ် ဆိုတော့ အဆင်ပြေသွားတဲ့အတွက် အားရဝမ်းသာဖြစ်ရပါတယ်။ မိသားစုတွေက နိုင်ငံခြားရောက်နေပြီး ဦးညွန့်ဝင်းဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ နာယကလုပ်ခဲ့တယ်ဆိုတော့ တစ်သက်တာဆုကို ကိုယ်စားအနေနဲ့ နာယကအဖွဲ့ဝင် တစ်ဦးကယူပေးပါတယ်။ ပြည်သူတို့ရဲ့ နှလုံးသားမှာရှိနေတဲ့ ရုပ်ရှင်မင်းသားကြီးတွေဖြစ်တဲ့အတွက် အခုလို ရုပ်ရှင်တစ်သက်တာဆုပေးအပ်မှုကို ကျွန်တော်နဲ့ထပ်တူ ရုပ်ရှင်ချစ်ပြည်သူများလည်း ထပ်တူဝမ်းသာပီတိဖြစ်နေကြမယ်လို့ ယုံကြည်ပါတယ်။
ဦးနှင်းမိုး(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက)
ဦးညွန့်ဝင်းဆိုတာ အနုပညာလောကမှာ ကြိုးစားပမ်းစားနဲ့ သရုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ အကယ်ဒမီစပြီးယူတဲ့ အချိန်ကစပြီး အကယ်ဒမီရှစ်ခုရရမယ်ဆိုပြီး နေရာရှစ်နေရာမှာ လုပ်ဆောင်ထားတဲ့သူပါ။ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်ကောင်းမွန်တဲ့သူပါ။ ပြီးတော့ ရည်မှန်းချက်ပြည့်အောင်လည်း ကြိုးစားခဲ့တယ်။ အကယ်ဒမီခုနစ်ခုရရှိချိန်မှာ ဆုံးပါးသွားတာ ကြောင့် သူ့ရဲ့ဆန္ဒမပြည့်ခဲ့ဘူးလို့ဆိုရပေမယ့် ရုပ်ရှင်တစ်သက်တာ ဆုရရှိခဲ့တာကြောင့် သူရည်မှန်းထားတဲ့ အကယ်ဒမီဆုရှစ်ဆုပြည့်သွားတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ သူရှိစဉ်က တစ်သက်တာဆုရမယ်ဆိုတာ သတင်းစကားပါးခဲ့ဖူးတာရှိတယ်။ မကွယ်လွန်ခင်မှာ ဆုရှစ်ဆုရမယ်ဆိုတာသိရှိသွားတာကြောင့် သူ့အတွက်ကောင်းသွားပါတယ်။ ဦးညွန့်ဝင်းကိုယ်စား ဆုယူပေးရတဲ့အတွက် ဝမ်းသာဝမ်းနည်းလည်းဖြစ်ရပါတယ်။ ဝမ်းသာတာက သူရည်မှန်းထားတဲ့ ဆုရှစ်ဆုရမယ်ဆိုတဲ့ရည်ရွယ်ချက် ပြည့်သွားလို့ပါ။ ဝမ်းနည်းတာက တကယ်ဆုရှစ်ဆုပြည့်တဲ့အချိန်မှာ သူကိုယ်တိုင်မရှိခဲ့လို့ပါ။
ရုပ်ရှင်တစ်သက်တာဆုဆိုတာရခဲပါတယ်။ သူ့မှာစည်းကမ်းချက်တွေရှိနေလို့ပါ။ ဒီလိုအချက်တွေပြည့်စုံတဲ့သူ ရှားရှားပါးပါးထွက်လာတာပါ။ ရှိတော့ရှိမယ် ရှားတယ်၊ အဲဒီရှားတဲ့အထဲကမှ ရွေးရတာပါ။ ဦးညွန့်ဝင်းမိသားစုဟာ နိုင်ငံခြားမှာ ဆေးသွားကုနေတာကြောင့် ရုပ်ရှင်အစည်းအရုံးအနေနဲ့ တစ်သက်တာဆုကို မိသားစုထံ လွှဲပြောင်းပေးအပ်သွားမှာပါ။
ဦးအောင်လွင် (ရုပ်ရှင်တစ်သက်တာဆုရှင်)
၁၉၂၀ ပြည့်နှစ်ကစတင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဟာ ၂၀၂၀ ပြည့်နှစ်မှာ နှစ် ၁၀၀ ပြည့်တဲ့အတွက် ကျွန်တော်တို့တစ်တွေ များစွာပြင်ဆင်ထားခဲ့တယ်။ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်မှာ အကယ်ဒမီ ထူးထူးခြားခြားပေးနိုင်အောင်၂၀၁၉ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကို အပင်ပန်း ခံပြီး ကြည့်ခဲ့ပါတယ်။ အလွှာအသီးသီးက အကဲဖြတ်များရဲ့ သုံးသပ်ချက်တွေကို ချိတ်ပိတ်သိမ်းထားခဲ့တယ်။ ၂၀၂၀ ပြည့်ရင် နှစ် ၁၀၀ ပွဲတော်နဲ့အတူ ပြဇာတ်တွေကမယ်၊ တေးသရုပ်ဖော်အတွက် အသံတွေသွင်းကြတယ်၊ အကယ်ဒမီတွေလည်းပေးမယ်၊ ပြီးတော့ ဦးညွန့်ဝင်းနဲ့ ဦးအောင်လွင်ကိုလည်း ရုပ်ရှင်တစ်သက်တာဆု ပေးမယ်ဆိုပြီးအမှု ဆောင်အဖွဲ့ကလည်းဆုံးဖြတ်ထားတယ်။ သို့သော်လည်း ၂၀၂၀ မှာ ကိုဗစ် ကပ်ရောဂါကြီး ဖြစ်လာတယ်ဆိုတော့ ဘာမှမလုပ်နိုင်ဘူးဖြစ်သွားတယ်။ ပြီးတော့ ကျွန်တော်နဲ့အတူဆုရရင် ပျော်မှာပဲလို့ပြောခဲ့တဲ့ ဦးညွန့်ဝင်းလည်း ကွယ်လွန်သွားခဲ့တယ်။ ကျွန်တော်လည်း မနက်ဖြန်၊ သန်ဘက်ခါဆိုရင် ၈၇ နှစ်ပြည့်ပါပြီ။
ကျွန်တော်ဇာတ်ကားပေါင်း ၁၀၀ နီးပါးရိုက်ခဲ့တယ်။ ဦးညွန့်ဝင်းက ဇာတ်ကားပေါင်း ၂၁၆ ကား ရိုက်ခဲ့တာ။ မြန်မာပြည်ရဲ့ နေရာဒေသအသီးသီးမှာ ရုပ်ရှင်ဇာတ်ကားတွေရိုက်ခဲ့တယ်။ ပွေလီ ဝေလင်းဆိုရင် မွန်ပြည်နယ်၊ ကလောအလွန်တစ်ဘူတာဆိုရင် ရှမ်းပြည်တောင်ပိုင်း၊ ကျောက်မဲအကျဉ်းသားဆိုရင် ရှမ်းပြည်မြောက်ပိုင်း၊ နေခြည်ဖြာဆိုရင် ကချင်ပြည်နယ်၊ တိမ်လွှာမို့မို့လွင်နဲ့ မိုးကုပ်စက်ဝိုင်းကျော်လွန်၍ဆိုရင် ရခိုင်ပြည်နယ်စတဲ့ ဇာတ်ကားပေါင်းများ စွာ ပင်ပန်းစွာရိုက်ခဲ့ပါတယ်။ နည်းပညာနဲ့စက်ပစ္စည်းအားနည်းတဲ့အတွက် အားလုံးဝိုင်းဝန်း လက်တွဲပူးပေါင်းမှုရဲ့စွမ်းအားနဲ့ ဖြတ်ကျော်ခဲ့ရတာပါ။ ပြည်သူတွေမရောက် ဖူးတဲ့ဒေသတွေကို ကျွန်တော့်မျက်စိကတစ်ဆင့် မြင်တွေ့စေလိုတဲ့ဆန္ဒနဲ့ ကြိုးစားခဲ့တာပါ။
ဦးညွန့်ဝင်းနဲ့အမှတ်တရဆိုရင် သူနေကောင်းစဉ်မှာ ခင်ဗျားနဲ့ကျွန်တော် ဆုတက်ယူရမှာဗျလို့ ပြောခဲ့တဲ့ပုံရိပ်ကို စိတ်ထဲအမှတ်တရရှိပြီး စိတ်မကောင်းလည်းဖြစ်ရပါတယ်။ သူကိုယ်တိုင်လည်း ယူစေချင်တာပေါ့လေ။ ဦးညွန့်ဝင်းနဲ့ အချစ်ကြွေးကို သွေးနဲ့ဆပ်မယ် ဇာတ်ကားနဲ့အခြားရုံမတင်ခဲ့ရတဲ့ ဇာတ်ကားနှစ်ကားလည်းတွဲဖူးတယ်။ ၁၉၇၄ ခုနှစ်မှာ နော်ကူးမဇာတ်ကားနဲ့ ကျွန်တော်အကယ်ဒမီရတယ်။ အကယ်ဒမီဆုကို ရွှေတိဂုံဘုရားမှာ လှူခဲ့ပါတယ်။ ၁၉၅၈ ခုနှစ် အသက် ၂၃ နှစ်ကစပြီး ရုပ်ရှင်ကို နည်းပေါင်းစုံနဲ့ ဖြတ်သန်းခဲ့တာကြောင့် ယနေ့လိုချီးမြှင့်တဲ့ ရုပ်ရှင်တစ်သက်တာဆုအတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ရုပ်ရှင်ကိုချစ်မြတ်နိုးကြတဲ့ ပြည်သူတွေအနေနဲ့ ကျွန်တော်ဆုရရှိမှုအပေါ် ဝမ်းသာကြောင်းကို နားလည်ပေးလိမ့်မယ်လို့ ထင်ပါတယ်။
မြင်စိုင်းသားအောင်အောင်(ရုပ်ရှင်သရုပ်ဆောင်)
ရုပ်ရှင်တစ်သက်တာဆုဆိုတာ ရှားရှားပါးပါးပါပဲ။ သူတို့နှစ်ဦး အခုလိုဆုရရှိတာ အင်မတန်ဝမ်းသာဂုဏ်ယူတယ်။ ကိုညွန့်ဝင်းနဲ့တွဲခဲ့တဲ့ ဇာတ်ကားများစွာရှိတယ်။ မှတ်မှတ်ရရပြောရရင် ဒူးမထောက်လက်မမြှောက်ဇာတ်ကားပါ။ သားအဖသုံးယောက်မှာ သူကနှစ်ကိုယ်ခွဲ ကျွန်တော်နဲ့ သရုပ်ဆောင်ထားတယ်။ ဇာတ်ကြမ်းဖြစ်တဲ့အတွက် ပရိသတ်တွေ အထူးအားပေးခဲ့တယ်။ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်နိုင်ခွင့်ရမယ်ဆိုရင် ဒီထက်ပိုပြီးတိုးတက် သွားမယ်ထင်တယ်။ ရုပ်ရှင်လောကသားတွေမှာ ကိုယ်စီကိုယ်စီ အနုပညာစွမ်းရည်တွေ ရှိကြတယ်လေ။ ထုတ်ဖော်ပြသဖို့ရှိကြပါတယ်။
ဦးညွန့်ဝင်းရေးသားခဲ့သော စာအုပ်မှအမှတ်တရစကား
သရုပ်ဆောင်ကောင်းတစ်ယောက်ဟာ တစ်ချိန်တည်းမှာ အနည်းဆုံးအဆင့်သုံးဆင့်ကို ပိုင်ဆိုင်နိုင်ရမယ်။ ကိုယ်ပြောရမယ့်စကား၊ ကိုယ့်စိတ်ဆန္ဒ၊ ကိုယ့်ပရိသတ်။ ကျွန်တော်တို့ဟာ ပရိသတ်ရဲ့ဝန်ထမ်းတွေပါ၊ အစေခံတွေပါ။
ယခုတက်လာတဲ့ သရုပ်ဆောင်တွေကို ကျွန်တော်တို့ခေတ်ကလုပ်ခဲ့သလို လုပ်ကြည့်ခိုင်းရင် သူတို့အတွက် ခက်ခဲလိမ့်မယ်။
သရုပ်ဆောင်တွေလုပ်ငန်းခွင်မှာ၊ အလုပ်ထဲမှာပျော်နေအောင် စိတ်လက်ပေါ့ပါးနေအောင် ဘယ်လိုတွေလိုမလဲဆိုတာ အဓိကပဲ။
တစ်ခါတလေ ကျွန်တော်စဉ်းစားမိတယ်၊ ဝေဖန်ရေးသမားတွေကို ဇာတ်တိုက်နေတုန်း လာလေ့လာစေချင်တယ်။
စဉ်းစဉ်းစားစား ရိုးရိုးသားသား ဂရုတစိုက် ဝေဖန်ကူညီကြပါလို့၊ ကျွန်တော်ကတော့ ဘယ်ပြန်ညာပြန်၊ အဖူးအရောင်တွေရော၊ အမြှောက်အပင့် အထုအထောင်း တွေစုံနေအောင်ခံ ခဲ့ရပြီးပြီ၊ ရယ်လည်းရယ်ခဲ့ရတယ် ငိုလည်းငိုခဲ့ရတယ်၊ ထူပူပေါက်ကွဲရပြီးပြီ။
ကျွန်တော်လေးစားရတဲ့ဆရာ သမားကြီးတွေ၊ဝါသနာတူကြတဲ့ သရုပ်ဆောင်သူငယ်ချင်းတွေ၊ ကျွန်တော့်ကို နှစ်ပေါင်းများစွာအားပေးခဲ့ကြတဲ့ ပရိသတ်တွေပါမကျန် ဦးထိပ်ထားပြီး ကျွန်တော်ဂါရဝများစွာဖြင့် အသက် ၈၀ ပြည့်မှာ အမှတ်တရမေတ္တာရောင်ပြန်လိုက်ပါတယ်။
တွေ့ဆုံမေးမြန်းသူ-ညိမ်းသူ (သတင်းစဉ်)