Skip to main content

ပြည်တွင်းထွက်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်၊ စားရေးနှင့်ဝတ်ရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို ပိုမိုမြှင့်တင်

နေပြည်တော် နိုဝင်ဘာ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ ဒေါက်တာကံဇော်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ တင်ပြဆွေးနွေး

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များကိုယ်စား ဒေါ်သီသီဝင်း၊ ဦးဝင်းမြင့်အောင်၊ ဒေါ်ယဉ်ယဉ်မိုးနှင့် တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများ၊ ဆောင်ရွက်လျက်ရှိမှု၊ Quick Win ဖြစ်စေမည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် အခြားဆက်စပ်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အတိုးနှုန်းနည်းပါးသည့် ရင်းနှီးငွေများလိုအပ်မှု၊ နည်းပညာများရရှိရေးနှင့် အခြားပံ့ပိုးပေးမှုများ လိုအပ်မှု၊ ကုန်ကြမ်းပစ္စည်းများနှင့် စက်ပစ္စည်းများ တင်သွင်းခွင့်ရရှိရန်လိုအပ်မှု၊ ပြည်တွင်းထုတ်ကုန်တိုးတက်ရေးအတွက် တရားမဝင်ကုန်စည်တင်သွင်းမှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန်လိုအပ်မှု၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများ အတွက် ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ လိုအပ်သည်များ ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ ယခုနှစ် မိုးဦးကာလတွင် မိုးနည်းသည့်အတွက် ဆန်းစပါးအထွက်နှုန်း ကျဆင်းမှုရှိနိုင်သဖြင့် နွေစပါးအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ပေးရန်လိုအပ်မှု၊ နိုင်ငံတော်မှနွေစပါး စိုက်ပျိုးရေးအတွက် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ပေးသည့်အတွက် နွေစပါးအထွက်နှုန်း တိုးတက်ရေးအတွက် အထောက်အကူဖြစ်မှု၊ ဆန်၊ စပါး ပြည်ပ ပို့ကုန်မြှင့်တင်ရေးအတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်မှု၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် စိုက်ပျိုးရေးစရိတ် ချေးငွေများကို နိုင်ငံတော်အစိုးရသာမက ပုဂ္ဂလိကလုပ်ငန်းများမှလည်း ထုတ်ချေးပေးမည်ဆိုပါက ဆန်၊ စပါး ထုတ်လုပ်မှုများ ပိုမိုတိုးတက်လာမည့် အခြေအနေများ၊ ပြည်တွင်းကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ကုန်စည်ဒိုင်များ အဆင့်မြှင့် တင်ဆောင်ရွက်ရန်လိုအပ်မှု။

ဆီထုတ်လုပ်မှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများ ပြည်တွင်း၌ ဖူလုံစွာ ရရှိရေး၊ ပြည်တွင်း စားသုံးဆီထုတ်လုပ်မှု လျော့နည်းသည့်အတွက် လိုအပ်ချက်အရ စားသုံးဆီများ တင်သွင်းနေရမှုကြောင့် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိမှု၊ ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် တိကျသည့် မူဝါဒတစ်ခုကို သုသေသနပြု ချမှတ်ပေးရန်လိုအပ်မှု။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများတွင် ဒေသထွက် ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိမှုနှင့် အချို့သော အခက်အခဲများနှင့် ရင်ဆိုင်နေရလျက်ရှိမှု၊ ကိုဗစ် ကာလအတွင်း ချေးငွေရယူထားသည့် MSME လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် နိုင်ငံတော်သို့ပြန်လည်ပေးဆပ်ရမည်ကာလအား တိုးမြှင့်သတ်မှတ်ပေးစေလိုမှုနှင့် ရင်းနှီးမြှုပ်နှံငွေများ ဆက်လက်ဆောင်ရွက်ပေးစေလိုမှု၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ပစ္စည်းများသည် အမှန်တကယ်ဈေးကွက်လိုအပ်ချက်ရှိသည်ဖြစ်သည့်အတွက် ဈေးကွက်မပြတ်လုပ်ငန်းလည်ပတ်နိုင်စေရေး ရင်းနှီးမြှုပ်နှံငွေများဆောင်ရွက်ပေးစေလိုမှု၊ လုပ်ငန်းများအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှု၊ စက်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရာတွင် မြေနေရာ လိုအပ်ချက်များ၊ ကျွမ်းကျင်လုပ်သားများအတွက် Training Center များ လိုအပ်လျက်ရှိမှု၊ ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှုများ လွယ်ကူမြန်ဆန်စေရေးအတွက် လိုအပ်ချက်များနှင့် အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်မှုနှင့် အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မွေးမြူရေး ထုတ်ကုန်များထုတ်လုပ်လျက်ရှိမှုနှင့် မွေးမြူရေးအစာများ ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုအပ်မှု၊ ရာဘာထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးအတွက် ထိရောက်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန် လိုအပ်မှု၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် သွင်းအားစုများပြည့်ဝစွာရရှိရေး ဖြည့်ဆည်းပေးစေလိုမှု စသည်တို့နှင့် ပတ်သက်၍ လိုအပ်ချက်များ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်းနှင့် ဦးအောင်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဝန်ကြီးဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်၊ မူဝါဒများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုးတက်လာမှု၊ ရင်းနှီးမြှုပ်နှံမှုချေးငွေများ ထုတ်ချေးပေးနေမှုနှင့် သက်ဆိုင်ရာ လုပ်ငန်းများအလိုက် လုပ်ငန်းအောင်မြင်အောင်ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်သွားရန်လိုအပ်မှု၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများ ခွင့်ပြုပေးထားမှုနှင့် နိုင်ငံတော်မှရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံတော်အတွက်လိုအပ်သည့် နိုင်ငံခြားငွေများရရှိရေးဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများအားလုံး ရင်းနှီးမြှုပ်နှံမှုချေးငွေများ ရရှိရေးအတွက် သတ်မှတ်စည်းမျဉ်း စည်းကမ်းချက်များကိုသိရှိရေး သက်ဆိုင်ရာ အဖွဲ့အစည်းများက ပညာပေး ဆောင်ရွက်ရန်လိုအပ်မှု၊ အသေးစား စက်မှုလက်မှု လုပ်ငန်းများအတွက် သက်ဆိုင်ရာ ပညာရပ်များအလိုက် သင်တန်းများဖွင့်လှစ် သင်ကြားပေးလျက်ရှိမှု၊ မြစိမ်းရောင်စီမံကိန်းဖြင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုလုပ်ငန်းများ၏ ဥပဒေအရ မှတ်ပုံတင်ထားရှိမှုနှင့် စက်မှုလုပ်ငန်း နည်းဥပဒေများ ရေးဆွဲလျက်ရှိမှု၊ MSME လုပ်ငန်းများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက် လျက်ရှိမှု၊ ပို့ကုန်သွင်းကုန် လုပ်ငန်းလိုင်စင် မှတ်ပုံတင်မှုများကို စနစ်တကျ စိစစ်ပြီးမှသာလျင် ထုတ်ပေးသွားမည်ဖြစ်သည့် အခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းဆောင်ရွက်နေမှု စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက်အသီးသီး ပြန်လည် ဆွေးနွေးပြောကြားကြသည်။

တင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေးပြောကြား

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လုပ်ငန်းရှင်များ၏ တင်ပြချက်များနှင့်ပတ်သက်၍ ဖြည့်စွက်ပြောကြားရာတွင် ဆီထွက်သီးနှံများ စိုက်ပျိုးမှုနှင့် ပတ်သက်၍ မြေ၊ ရေနှင့် လူ့စွမ်းအား အရင်းအမြစ်များ ရှိပြီးဖြစ်ပြီး အမှန်တကယ် အလုပ်လုပ်ရန်လိုအပ်လျက်ရှိကြောင်း၊ ဆီထွက်ကုန်များအနက် မြေပဲသီးနှံတစ်ခုသာလျင် အထွက်နှုန်းကောင်းမွန်ပြီး အခြားဆီထွက် သီးနှံများမှာ ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်မပြည့်မီသည်ကို တွေ့ရကြောင်း၊ ဆီထွက်သီးနှံများအား ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းဆီထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်ကြောင်း၊ ဆီအုန်း စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဆီအုန်းမှထွက်ရှိလာသည့် ဆီများကိုစားသုံးဆီသာမက စက်မှုလုပ်ငန်းများတွင်လည်း အသုံးပြုကြကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုကို ပြည့်ဝစွာ စိုက်ပျိုးမှု မရှိသည့်အတွက် ဆီထုတ်လုပ်မှု နည်းပါးနေခြင်းဖြစ်ကြောင်း၊ ပြည်တွင်းဆီလိုအပ်ချက် ပြည့်မီဖူလုံစေရေးအတွက် လိုအပ်သည်များကို နိုင်ငံတော်မှဖြည့်ဆည်းပေးသွားမည်ဖြစ်သည့်အတွက် ဆီထွက်သီးနှံစိုက်ပျိုးသည့် လုပ်ငန်းရှင်များနှင့် ဆီထုတ်လုပ်သူများ အနေဖြင့်လည်း အမှန်တကယ် အလုပ်လုပ်ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတောင်သူ၊ လုပ်ငန်းရှင်များနှင့် အစိုးရတို့ ပေါင်းစပ်ဆောင်ရွက်သွားမည်ဆိုပါက မကြာမီကာလအတွင်း ပြည်တွင်းဆီလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသူ (Importer) အဖြစ်မှ ပြည်တွင်း၌ ပိုလျှံသည်အထိ ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်သွင်းသူ (Exporter) အဖြစ်ထိ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

အသေးစားနှင့် အငယ်စား စက်မှုလုပ်ငန်းများသည် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အဓိကရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်ပပို့ကုန် အခွင့်အလမ်း ရရှိရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်ကာလချေးငွေများ နိုင်ငံတော်သို့ ပြန်လည် ပေးဆပ်ရန် အခက်အခဲများ ဖြစ်ပေါ်နေမှုအတွက် ကာလတစ်ခု သတ်မှတ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေများရရှိရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတော်အနေဖြင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရင်းနှီးမြှုပ်နှံနိုင်ရန် ငွေကြေးများ ထုတ်ချေးပေးထားခြင်းဖြစ်သဖြင့် အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပြီး ပြန်လည်ပေးဆပ်ရမည့် ကာလအတွင်း ပြည့်မီအောင် ပြန်လည်ပေးသွင်းနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများကိုလည်း အပြည့်အဝပေးသွင်းရန်လိုကြောင်း၊ လာမည့်ဘတ်ဂျက်ကာလများတွင် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအတွက် ထည့်သွင်းလျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှရရှိရန်ကျန်ရှိသည့် ချေးငွေများပြန်လည်ရရှိမည်ဆိုပါက ချေးငွေများကို ပိုမိုပြည့်ဝစွာထပ်မံ ထုတ်ချေးပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းလည်ပတ် သုံးစွဲငွေများရှိပြီးဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့်ချေးငွေများကိုလည်း အတတ်နိုင်ဆုံးထုတ်ပေးသွားမည်ဖြစ်ကြောင်း။

MSME လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ပုဂ္ဂလိကအနေဖြင့်လည်း လျှပ်စစ် ဓာတ်အား ရရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ နေရောင်ခြည်စွမ်းအင်နှင့် လေအားတို့ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရန်လိုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက်လိုအပ်သည့် ဒီဇယ်ဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် နိုင်ငံတော်အနေဖြင့် ဈေးကွက်စီးပွားရေးစနစ်နှင့် ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး အစိုးရမှမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း လိုအပ်ချက်များကို မိမိတို့ကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် အခြေခံလိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများအတွက် မြေနေရာလိုအပ်မှုကို နိုင်ငံတော်မှမြေနေရာများ ချမှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမြေများပေါ်တွင် စက်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက သီးနှံထွက်နှုန်းနည်းပါးသွားမည်ဖြစ်ကြောင်း၊ စားရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် မြေနေရာများကိုမူ ခွင့်ပြုပေး၍ ရနိုင်မည်မဟုတ်ဘဲ မြေလွတ်မြေရိုင်းများပေါ်တွင် စက်မှုလုပ်ငန်းဆောင်ရွက်နိုင်ရေး နိုင်ငံတော်မှ ခွင့်ပြု ပေးလျက်ရှိကြောင်း။

မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော်လည်း စနစ်ကျသည့်မွေးမြူမှုမှာ နည်းပါးကြောင်း၊ မွေးမြူ ရေးထွက်ကုန်များမှာ ပြည်တွင်း၌ လိုအပ်ချက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချ၍ရကြောင်း၊ မွေးမြူရေးကုန်ကြမ်းများအားလုံး ပြည်တွင်း၌ လုံလောက်စွာ ရှိပြီးဖြစ်သော်လည်း အရည်အသွေးပြည့်မီရန်လိုနေသေးကြောင်း၊ မွေးမြူရေးကို မိရိုးဖလာ မွေးမြူ ရေးထက် စနစ်ကျနသည့် မွေးမြူရေးဖြစ်ရန်လိုကြောင်း၊

စိုက်ပျိုးရေးလုပ်ငန်းများအတွက် သွင်းအားစုဖြစ်သည့် မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပတင်သွင်းနေရမှုများရှိသကဲ့သို့ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့်လည်း မျိုးကိုကိုယ်တိုင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ နိုင်ငံတော်မှလည်း မျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် သုသေသနပြု ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် ရေလုံလောက်စွာ ရရှိရန်လိုအပ်သကဲ့သို့ သွင်းအားစုများဖြစ်သည့် ပိုးသတ်ဆေးများ၊ ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရန်လိုကြောင်း၊ ပြည်တွင်း၌ လိုအပ်လျက်ရှိသည့် ဓာတ်မြေသြဇာများ ရရှိရေး နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

ရာဘာထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ရာဘာအထွက်နှုန်းများ ကောင်းမွန်ရေးနှင့် အရည်အသွေးပြည့်မီသည့် ရာဘာကုန်ကြမ်းများရရှိအောင် နည်းပညာများ အသုံးပြု၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ပမှ ရာဘာ တရားမဝင် တင်သွင်းမှုများကို ထိရောက်စွာ ထိန်းချုပ်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းသည် ရန်ကုန်တိုင်းဒေသကြီးတွင်ရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေး အဖြေရှာနိုင်ရေး တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၏ တင်ပြချက်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများအနေဖြင့်လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်

တင်ပြမှုများတွင် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်တွင် ကောက်ခံခဲ့သည့် လူဦးရေသန်းခေါင်စာရင်းအရ အဆင့်မြင့် ပညာတတ်မြောက်သူဦးရေမှာ နည်းပါးနေသည်ကို တွေ့ရှိရကြောင်း၊ လူသားအရင်း အမြစ်များမွေးထုတ်ရေးအတွက် ပညာတတ်များပေါများအောင်လိုအပ်သဖြင့် ပညာရေးကို အလေးထား အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်မှ အတန်းပညာများ သင်ယူနိုင်ရေးအတွက် ကျောင်းများဖွင့်လှစ်ပေးထားပြီးဖြစ်ပြီး ကျောင်းတက်ရောက်၍ ပညာသင်ယူရန်မှာ ကျောင်းသူ၊ ကျောင်းသားများနှင့် မိဘများတွင် တာဝန်ရှိကြောင်း၊ အတန်းပညာတတ်မြောက်မှသာလျှင် အတတ်ပညာကို သင်ယူရာ၌ လွယ်ကူမည်ဖြစ်ပြီး ဘဝရပ်တည်မှုကို မြင့်မားစေမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း၊ အလားတူပညာတတ်များပေါများရေး အတွက်လည်း မွေးထုတ်ပေးရန်လိုကြောင်း၊ အတန်းပညာများမြင့်မားမှသာ ခေတ်မီနည်းပညာများကို အသုံးချနိုင်မည်ဖြစ်ကြောင်း၊ ဘဝရပ်တည်ရေးအတွက် ပညာသည်မရှိမဖြစ်လိုအပ်သည့် အရာဖြစ်သဖြင့် ပညာရေးကိုအားပေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အသက်အရွယ်နှင့် ကိုက်ညီသည့် ပညာသင်ကြားမှုများကိုဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်မှုနှင့် စိုက်ပျိုးရေးသင်တန်းကျောင်းများကို အခြေခံပညာကျောင်းများတွင် တွဲဖက်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကအနေဖြင့်လည်း မိမိတို့တက်နိုင်သည့် ဘက်မှ သင်တန်းများဖွင့်လှစ်သင်ကြားပေးစေလိုကြောင်း။

စီးပွားရေးမောင်းနှင်အား ကောင်းမွန်ရေး အလေးပေးဆောင်ရွက်

မိမိတို့နိုင်ငံ၏ စီးပွားရေးသည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်စေ၊ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်စေ SME လုပ်ငန်းများကို အဓိကထား ဆောင်ရွက်ကြကြောင်း၊ ထို့ကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ရည်ရွယ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း၌ နိုင်ငံရေးအရအခက်အခဲများ၊ ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရကြောင်း၊ စီးပွားရေးအရ ကျဆင်းမှုရှိစေရေး နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်မှုများကို ကြုံတွေ့ခဲ့ရကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား ကွာဟမှုများကြောင့် ငွေကြေးတန်ဖိုးတက်လာခဲ့ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ အစိုးရ တစ်ရပ်အနေဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ဝင်စားမှုရှိရမည်ဖြစ်ပြီး စီးပွားရေးသည် နိုင်ငံတစ်ခု၏ အသက်ပင်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးပြိုကွဲပါက နိုင်ငံပြိုကွဲမည်ဖြစ်ကာ နိုင်ငံရေးမတည်ငြိမ်မှုများကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခုတွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေး မောင်းနှင်အား၊ ကာကွယ်ရေး မောင်းနှင်အားများလိုအပ်ပြီး စီးပွားရေးကောင်းမွန်မှသာ နိုင်ငံတည်ငြိမ်မည်ဖြစ်ကြောင်း။

စက်သုံးဆီ၊ စားသုံးဆီနှင့် လျှပ်စစ်စွမ်းအား

ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်သည့် ငွေကြေးများချေးပေးမှုနှင့်ပတ်သက်၍ ယခင်နှစ်က ကိုဗစ် - ၁၉ အခက်အခဲ၊ နိုင်ငံရေးအခက်အခဲများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအချိန်တွင် နိုင်ငံစီးပွားရေး ပျက်ယွင်းအောင် ဆောင်ရွက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ စက်ရုံအလုပ်ရုံများ ရပ်တန့်စေရန်ဆောင်ရွက်မှု၊ လုပ်ငန်းခွင်ဝင်ရောက်ခြင်းများကို ခြိမ်းခြောက်ခြင်းများနှင့် အကြောက်တရားများဖြစ်ပေါ်အောင် ဆောင်ရွက်ခဲ့မှုများ ရှိကြောင်း၊ဘဏ်စနစ် ပြိုလဲအောင်နည်းလမ်းမျိုးစုံဖြင့် ထိုးနှက်လုပ်ဆောင်ခဲ့သော်လည်း ပြိုလဲမှုမရှိစေရေး ဦးစားပေးအနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ငွေကြေးလည်ပတ် သုံးစွဲမှုများကိုလည်း ထိခိုက်အောင် ဆောင်ရွက်ခဲ့မှုများရှိကြောင်း၊ ငွေကစားသူများ ရှိခြင်းကြောင့် ငွေကြေးတန်ဖိုးများကျဆင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ငွေကြေးကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်း၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်မှစတင်၍ ပြည်ပမှတင်သွင်းသည့် စားသုံးဆီများကို ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီစားသုံးမှုများပြားခြင်းနှင့် ပြည်တွင်းဆီထုတ်လုပ်မှုနည်းပါးခြင်းကြောင့် ပြည်တွင်းစားသုံးဆီလိုအပ်ချက် များပြားနေခြင်းဖြစ်ကြောင်း။

စက်သုံးဆီနှင့်ပတ်သက်၍လည်း နှစ်စဉ်တင်သွင်းအသုံးပြု နေရသဖြင့် နိုင်ငံခြားငွေ လိုအပ်ချက်များ ကန့်သတ်ချက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ စက်သုံးဆီများလျှော့ချ နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားသုံး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်၍မရဘဲ အချိန်ယူဆောင်ရွက်ရကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင်လည်း လောင်စာနှင့် ဓာတ်ငွေ့များအသုံးပြုခြင်းထက် နေရောင်ခြည်စွမ်းအင်သုံးနှင့် လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးများကိုလည်း မီးအားအသုံးပြုမှု သက်သာသည့် LED မီးများကို ပြောင်းလဲတပ်ဆင်အသုံးပြုရန်လိုကြောင်း၊ ယခင်အစိုးရသက်တမ်းတွင် ရေအားလျှပ်စစ်စီမံကိန်းများ ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရေအားလျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများ ထုတ်ယူနိုင်ရေးအတွက်လည်း တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများတွင်လည်း နျူကလီးယားစွမ်းအင်အသုံးပြုနိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း။

စိုက်ပျိုးမွေးမြူရေးအခြေခံသည့် ကုန်ထုတ်လုပ်မှု

ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ကုန်ကြမ်း၊ စွမ်းအင်၊ အရင်းအနှီးနှင့် လူစွမ်းအား အရင်းအမြစ်များလိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ဒေသတွင်းမှ ထွက်ရှိသည့်ကုန်ကြမ်းများဖြင့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်များမှရရှိသည့် နိုင်ငံခြားငွေများဖြင့် လိုအပ်သည့် ကုန်ကြမ်းများကို ပြည်ပမှတင်သွင်းခွင့်ပေးရန်အတွက် ထည့်သွင်းစဉ်းစားပေးမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းများရရှိရေးအတွက် ရင်းနှီးမြှုပ်နှံငွေများ ရရှိရေးကို နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေသြဇာများရရှိရေး နိုင်ငံတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် ဇီဝမြေဩဇာများ ကိုလည်း စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးချ၍ရကြောင်း၊ သဘာဝမြေသြဇာများ အသုံးပြုခြင်းကြောင့် ဓာတုဗေဒကင်းစင်မှုရှိပြီး သဘာဝမြေသြဇာများရရှိရေးအတွက် မွေးမြူရေးနှင့်စိုက်ပျိုးရေး ထုတ်ကုန်များကို ပိုမိုအားပေးဆောင်ရွက်ကြရန်လိုကြောင်း။

မွေးမြူရေးလုပ်ငန်းတွင် ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးမွေးမြူရေးလုပ်ငန်းများ ရှိကြောင်း၊ ဘဲမွေးမြူရေးလုပ်ငန်းသည် မိမိတို့နိုင်ငံတွင် ပိုမိုကျယ်ပြန့်သည်ကိုတွေ့ရသဖြင့် အောင်မြင်အောင်မွေးမြူကြစေလိုကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍လည်း အထွက်နှုန်း ကောင်းမွန်သည့် မျိုးများကိုစနစ်တကျမွေးမြူခြင်းဖြင့် ပိုမိုအကျိုးဖြစ်ထွန်းစေကြောင်း၊ ငါးမွေးမြူရေးနှင့်ပတ်သက်၍လည်း အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ မွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ကြောင်း၊ တိရစ္ဆာန်အစာအတွက် လိုအပ်သည့် ကုန်ကြမ်းများမှာ မိမိတို့နိုင်ငံတွင် လုံလောက်စွာရှိပြီးဖြစ်ပြီး ပြည်တွင်းမှ ထုတ်လုပ်သည့် အစာများဖြင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းတွင် နွေစပါးနှင့် ပဲတီစိမ်းစိုက်ပျိုးရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေများမှ ရင်းနှီးမတည်ငွေများထုတ်ပေးခဲ့ကြောင်း၊ နောင်နှစ်များတွင် အခြားစိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ရင်းနှီးမတည်ငွေများ ထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ပိုမိုအောင်မြင် ဖြစ်ထွန်းအောင်ဆောင်ရွက်ကြစေလိုကြောင်း။

ထုတ်ကုန်ပစ္စည်းများ ရောင်းချရေးနှင့်ပတ်သက်၍ အတတ်နိုင်ဆုံး အမြတ်နည်း နည်းဖြင့် များများရောင်းချနိုင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မည်ဆိုပါက ဈေးကွက်လည်ပတ်မှုများ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ မိမိ၏မူဝါဒမှာ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက ပစ္စည်းပိုမိုကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ဈေးကွက်ကိုရရှိအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝင်ငွေပိုမိုရရှိရေး များများရောင်းနိုင်ရန်လိုကြောင်း၊ နိုင်ငံတကာနှင့် ကုန်သွယ်မှုများဆောင်ရွက်နိုင်ရန်အတွက်လည်း နိုင်ငံအလိုက် စီးပွားရေးသံမှူးများ ခန့်အပ် ဆောင်ရွက်လျက်ရှိကြောင်း၊

စားရေးနှင့် ဝတ်ရေးသည် လူတစ်ဦးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း ထို့ကြောင့် စားရေးနှင့်ဝတ်ရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့်ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်လုပ်မှုထက် ဝန်ဆောင်မှုလုပ်ငန်းများသည် ပိုမိုများပြားကြောင်း၊ ထုတ်လုပ်မှု ပမာဏများပြားမှသာ ဝယ်လိုအားနှင့် ရောင်းလိုအားကို မျှတစေမည်ဖြစ်ပြီး ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများသည် ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်နေသူများဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုကို ဦးစားပေးဆောင်ရွက်ပေးကြရန်တိုက်တွန်းလိုကြောင်း။

အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် အာဆီယံထက် မိမိတို့နိုင်ငံသည် နှုန်းထားအသက်သာဆုံးဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အခွန်ပေါ်တွင်မူတည်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာထက် အခွန်နှုန်းများ များပြားနေသည်များရှိပါက သတင်းပို့ဆောင်ရွက်ကြစေလိုကြောင်း၊ အခွန် တိမ်းရှောင်သူများ မရှိစေရန်လည်း ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး အခွန်များကိုလည်း မှန်မှန်ကန်ကန် ပေးဆောင်စေလိုကြောင်း၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် တိုက်တွန်းဆွေးနွေး မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်များ၊ ကျောက်မျက်ရတနာ ထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် တာဝန်ခံများက လိုက်လံ ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။