နေပြည်တော် မတ် ၂၈
မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁) နှစ်ပြည့်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး မန္တလေးငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများအား အမှတ်တရဂုဏ်ပြုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ချိန်တွင်ပါဝင်ခဲ့သည့် ရှာဖွေကယ်ဆယ်ရေးနှင့် ကျန်းမာရေးအဖွဲ့များ၊ ထောက်ပံ့ပစ္စည်းများ လှူဒါန်းခဲ့သော နိုင်ငံ/ အဖွဲ့အစည်းများ၏ သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးကိုယ်စားလှယ်များ၊ စစ်သံမှူးများ၊ မန္တလေးငလျင်ကြီး တုံ့ပြန်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဆောက်လုပ်ရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ ငလျင်ဘေးအန္တရာယ်ကျရောက်ချိန်တွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပါဝင်လှူဒါန်းခဲ့သည့် အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက် ဦးညွတ်ဂါရဝပြု
ဦးစွာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အလွန်ပြင်းထန်သည့် မန္တလေး ငလျင်ကြီးကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဦးညွတ်ဂါရဝပြုကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့်အခမ်းအနားသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၌ ပမာဏ ၇ ဒသမ ၇ (မဂ္ဂနီကျု) ရှိသည့် အင်အား အလွန်ပြင်းထန်သော မန္တလေး ငလျင်ကြီးလှုပ်ခတ်ခဲ့သည်မှာ (၁) နှစ်ပြည့်ခဲ့ပြီဖြစ်သဖြင့် ငလျင်ကြီးကြောင့် မိဘပြည်သူများ၏ အသက်ဆုံးရှုံးမှုများ၏ ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြေကွဲမှုများနှင့်အတူ ပြန်လည်ထူထောင်မှုများ လုပ်ဆောင်နေမှု အထိမ်းအမှတ် နှစ်ပတ်လည်အခမ်းအနားပင်ဖြစ်ကြောင်း။
မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၁၀) ခု၌ သေဆုံးသူ ၃၈၁၈ ဦး၊ ပျောက်ဆုံးသူ ငါးဦး၊ ဒဏ်ရာရသူ ၅၁၀၄ ဦး၊ ဘေးသင့်အိမ်ထောင်စု ၁၆၂၅၆၃ စု၊ ဘေးသင့်လူဦးရေ ၄၂၄၀၆၃ ဦးနှင့် ယာယီရွှေ့ပြောင်း လူဦးရေ ၂၇၉၁၁၁ ဦးရှိခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှုအနေဖြင့် စုစုပေါင်း တန်ဖိုးကျပ် ၇၉၇၉ ဘီလီယံကျော်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ဆုံးရှုံးခဲ့ရမှုများစွာရှိခဲ့သကဲ့သို့ ပြည်သူတစ်ဦး၊ တစ်ယောက်ချင်းစီနှင့် မိသားစုများတွင်လည်း စီးပွားရေး၊ လူမှုရေးကအစ ထိခိုက်နစ်နာဆုံးရှုံးမှုများစွာရှိခဲ့ရသောကြောင့် မိမိတို့အတွက် ကြီးမားသည့် သင်ခန်းစာဟုပင် ပြောရမည်ဖြစ်ကြောင်း။
မိမိအနေဖြင့် မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးပြီးချင်း ငလျင်ဘေးသင့်နေရာများကို ချက်ချင်းသွားရောက်ကြည့်ရှုခဲ့ရာ ပျက်စီးဆုံးရှုံးမှု ပမာဏများပြားသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ချက်ချင်းဆိုသကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်နေရာများကို အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာပြီး ကယ်ဆယ် ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ၊ ပြည်တွင်းပြည်ပက အကူအညီ အထောက်အပံ့များ ပေးအပ်နိုင်ရန် ချက်ချင်းဖိတ်ခေါ် ကမ်းလှမ်းခဲ့ကြောင်း။
ငလျင်ဒဏ်သင့်သူများအတွက် ပြည်တွင်းပြည်ပအလှူရှင်များထံမှ လူသားချင်းစာနာမှု အကူအညီများသည် ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းတို့ဖြင့် တဖွဲဖွဲရောက်ရှိလာခဲ့ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စင်ကာပူနိုင်ငံမှ အဖွဲ့အစည်းများ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ UAE နိုင်ငံ၊ ဗင်နီဇွဲလားသမ္မတနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ AHA Centre စသည့် နိုင်ငံနှင့်အဖွဲ့အစည်းများမှ ပေးပို့လှူဒါန်းသည့် ပစ္စည်းစုစုပေါင်း ၂၆၆၁ ဒသမ ၃၂၁ တန်ကို လက်ခံရရှိခဲ့ပြီး အချိန်နှင့်တစ်ပြေးညီ ငလျင်ဘေးသင့်ဒေသများဆီသို့ လက်ကျန်မရှိ ဖြန့်ခွဲပေးခဲ့ကြောင်း။
ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ယာယီနေထိုင်ရေး၊ ယာယီရုံးများ ဖွင့်လှစ်နိုင်ရေးအတွက် Prefa-bricated Office များ၊ Prefa-bricated House များ၊ ငလျင်ဘေး တုံ့ပြန်ရေးလုပ်ငန်းများအတွက် စက်သုံးဆီများ၊ အရေးပေါ်ခွဲစိတ် ခန်းများ၊ ဆေးဝါးများကိုလည်း စနစ်တကျ ဖြန့်ခွဲအသုံးပြုခဲ့ကြောင်း။
အရေးပေါ် ရှာဖွေကယ်ဆယ်ရန်၊ ကျန်းမာရေးစောင့်ရှောက်ရန်အတွက် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးဝန်ထမ်း ၁၉၃၅ ဦး၊ ကျန်းမာရေး စောင့်ရှောက်ရေးပညာရှင်နှင့် ဆရာဝန် ၈၄၅ ဦးတို့လာရောက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ကြကြောင်း၊ ထိုကဲ့သို့ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေး အဖွဲ့များအပါအဝင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များသည် အဆောက်အအုံများအတွင်း ပိတ်မိနေသူများကို ခက်ခက်ခဲခဲ အင်တိုက်အားတိုက်စွန့်စားပြီး ကြိုးပမ်း ရှာဖွေကယ်ဆယ်ပေးခဲ့ကြသည့်အတွက် အသက်ရှင်လျက် စုစုပေါင်း ၆၅၃ ဦး ကယ်ဆယ် နိုင်ခဲ့ကြောင်း။
ငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပြသခဲ့ကြသည့် မိဘပြည်သူများ၏ မေတ္တာ စေတနာ၊ ရဲစွမ်းသတ္တိ၊ စည်းလုံးညီညွတ်မှုနှင့် ဇွဲလုံ့လများသည် မိမိတို့နိုင်ငံအတွက် အကြီးမား ဆုံးနှင့် ဂုဏ်ယူစရာအကောင်းဆုံး အမျိုးသားရေးဆိုင်ရာ အရင်းအနှီးများပင်ဖြစ်ကြောင်း၊ အသက် အန္တရာယ်များကြားမှ ကြံ့ခိုင်ရဲဝံ့စွာဖြင့် သတ္တိရှိရှိ ကြိုးစားရှင်သန် ကျန်ရစ်ပေးကြသည့် ပြည်သူ များကို ဝမ်းမြောက်ဂုဏ်ပြုပါကြောင်းနှင့် သက်စွန့်ကြိုးပမ်း ရှာဖွေကယ်ဆယ်ပေးခဲ့ကြသည့် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များအပါအဝင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များကိုလည်း နိုင်ငံတော်၊ ပြည်သူအားလုံးနှင့် ရှင်သန်ကျန်ရစ်သူများကိုယ်စား အသိအမှတ်ပြုကျေးဇူးတင်ပါကြောင်းကို အလေးအနက် ပြောကြားလိုကြောင်း။
အားသွန်ခွန်စိုက် စနစ်တကျဆောင်ရွက်ပေးခဲ့
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(Disaster Management Centre–DMC)ကို ငလျင်ဖြစ်ဖြစ်ပြီးချင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ ပြီး အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာများကို ကဏ္ဍအလိုက် နေ့ညမပြတ် အားသွန်ခွန်စိုက်ဖြင့် စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်ကြောင့် ပြိုကျအဆောက်အအုံများအတွင်း ပိတ်မိနေသူများကို ရှာဖွေ ကယ်ဆယ်နိုင်ရေး၊ ငလျင်ဘေးသင့်သူများ မိုးမကျမီ ယာယီအမိုးအကာအောက်ရောက်ရှိရေး၊ လတ်တလော စားဝတ်နေရေး အဆင်ပြေစေရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေး၊ ကျောင်းများအချိန်မီပြန်ဖွင့်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ရေး စသည်များကိုဦးစားပေးပြီး အလျင်အမြန် လုပ်ပေးခဲ့ကြောင်း။
နိုင်ငံတော်အနေဖြင့် မန္တလေးငလျင်ကြောင့် သေဆုံးခဲ့သူတစ်ဦးကို ကျပ် ၁၀ သိန်းနှုန်းဖြင့် ကျန်ရစ်သူမိသားစုများကို ထောက်ပံ့ပေးခဲ့သကဲ့သို့ ထိခိုက်ဒဏ်ရာရသူများနှင့် ပြည်သူလူထု အိမ်ရာပျက်စီးမှုများအတွက် ငွေနှင့်တည်ဆောက်ရေးပစ္စည်းများကို ငွေကျပ်ဘီလီယံ ၁၆၀၀ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း၊ ဘာသာရေးကျောင်းများ၊ ရုံးဌာနများနှင့် ဝန်ထမ်းအိမ်ရာများ၊ ပညာရေး၊ ကျန်းမာရေးနှင့်အခြေခံ အဆောက်အအုံများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ် ဆိုင်ရာ အဆောက်အအုံများ ပြန်လည်ပြင်ဆင်မွမ်းမံရန်၊ အသစ်ပြန်လည်တည်ဆောက်ရန် ထောက်ပံ့ခြင်း စသည်တို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ် ၃၄၂၁ ဒသမ ၉၅၇ ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ကြောင်း။
မဏ္ဍိုင်ကြီးသုံးရပ်ဖြင့်ဆောင်ရွက်
နိုင်ငံတော်အနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ရေတိုရေရှည်အစီအမံများ ချမှတ် ဆောင်ရွက်လျက်ရှိရာ မူလအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သည့် ပြန်လည်ထူထောင်မှု ဖြစ်စေရေး၊ မည်သူတစ်ဦးတစ်ယောက်မှ ချန်လှပ်မှုမရှိစေရေးတို့ကို အလေးထား ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ထို့ကြောင့်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးမှုနှင့် လူမှု ကာကွယ်ရေး၊ အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေး၊ စီးပွားရေး ပြန်လည်ရှင်သန်ရေးနှင့် ကြံ့ကြံ့ခံပြီးခြုံငုံမှုရှိသည့် ပြုပြင်ပြောင်းလဲမှုများဖြစ်ရေး စသည့် မဟာဗျူဟာမြောက် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် ဆောင်ရွက်ရန် လမ်းညွှန်အုတ်မြစ်ချပေးခဲ့ ခြင်းဖြစ်ကြောင်း။
တစ်ဖက်တွင်လည်း ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည် ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲကိုကျင်းပခဲ့ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်နိုးထရုန်းကန်ရှင်သန်နိုင်ရေး နည်းလမ်းနှင့် အခွင့်အလမ်းများကို ဖော်ထုတ်ဆွေးနွေးအဖြေရှာ ဆောင်ရွက်ခဲ့ကြကြောင်း။
အလားတူ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းနှင့်စပ်လျဉ်းပြီး ငလျင်ဘေးကြောင့် လူသေဆုံးမှု အများစုအနေဖြင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်များ၊ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်မညီညွတ်ဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံများ ပြိုကျပျက်စီးမှုကြောင့်ဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် နောင်အနာဂတ်ကာလ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ပြင်းအားအဆင့် (၈) အထိ ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ ဆောက်လုပ်သွားရန်၊ မူလထက်ပိုမိုကောင်းမွန်သည့် အဆောက်အအုံများ၊ လမ်းတံတား များဖြစ်စေရေး၊ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်သည့် မြို့များကိုဖော်ဆောင်ပေးနိုင်ရေး မူဝါဒများချမှတ်ဆောင်ရွက်ပေးလျက်ရှိပြီး အလေးနက်ထား လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီအောင်ဆောင်ရွက်
အနာဂတ်တွင် ဘေးအန္တရာယ်မှ လုံခြုံအာမခံမှုရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဖန်တီးတည် ဆောက်မည်ဆိုပါကဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများအပေါ် သင်ခန်းစာယူပြီး နောင်တွင် အဆောက်အအုံများ၊ လမ်းတံတားများ တည်ဆောက်ရာတွင် Building Codes အပါအဝင် သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီအောင်ဆောင်ရွက်သွားကြရေးသည် အဓိကကျပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏တည်ဆောက်ရေးကဏ္ဍတွင် ဦးထမ်းပဲ့ထမ်းပါဝင်ဆောင်ရွက်နေကြသည့် သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကကဏ္ဍမှ အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူ Developer များ၊ တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းထုတ်လုပ်တင်သွင်း ဖြန့်ဖြူး ရောင်းချသူများ အပါအဝင် သက်ဆိုင်သူအားလုံးအနေဖြင့် အနာဂတ်ကာလများတွင် မိမိတို့ နိုင်ငံသူ နိုင်ငံသားများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချလုံခြုံသည့် အခြေခံ အဆောက်အအုံများ ဖန်တီးဆောက်လုပ်ပေးကြရန် ထပ်မံတိုက်တွန်းမှာကြားလိုကြောင်း။
နိုင်ငံတော်အနေဖြင့် ငလျင်ဘေး ပြန်လည်ထူထောင်ရေးကို ကဏ္ဍအလိုက် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်ထိ ကဏ္ဍအသီးသီးတွင် ပြီးစီးမှု ၈၄ ရာခိုင်နှုန်းခန့်ရှိပြီး အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီကာလအတွင်း နိုင်ငံ့တာဝန်ကိုလွှဲပြောင်းယူမည့် အစိုးရသစ်အနေဖြင့် လက်ရှိ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း။
ထိုကဲ့သို့ ရာသီဥတု သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲ မှုများအပြင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေရှိသည့် စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍစုံတွင် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်စွမ်းတို့ကို အခြေခံတွက်ချက် ထားသည့် ကမ္ဘာလုံးဆိုင်ရာ ဘေးဖြစ်နိုင်ခြေနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်ကိန်း ၂၀၂၅ (World Risk Index)အရလည်း မြန်မာနိုင်ငံသည် အဆင့် ၆ နေရာတွင် ရှိနေကြောင်း၊ ယင်းတို့ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ကဏ္ဍတိုင်းတွင် သေချာထည့်သွင်းဆောင်ရွက်ကြရန် အရေးတကြီးလိုအပ်နေသည်ကို အထူးသတိပြုလိုက်နာ ဆောင်ရွက်ကြရန် အသိပေးပြောကြားလိုကြောင်း။
တပ်မတော်အစိုးရတာဝန်ယူသည့် ၅ နှစ်တာကာလအတွင်း ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ တစ်ဝန်းဖြစ်ပွားသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါဘေး၊ ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းဘေးနှင့် ၂၀၂၅ ခုနှစ်တွင် မန္တလေးငလျင်ဘေးတို့ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အဆိုပါ သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက် ပျက်စီးခဲ့ရုံမျှမက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အဟန့်အတား ဖြစ်စေခဲ့ကြောင်း။
ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှား
အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ရုံမျှမက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကိုလည်း ကြီးမားစွာထိခိုက်ခဲ့ရသော်လည်း မြန်မာလူမျိုးများ၏ ပြင်းပြသည့် စိတ်ဓာတ်နှင့် ကြံ့ကြံ့ခံနိုင်မှု၊ စုစည်းညီညွတ်မှုများကြောင့် အခက်အခဲ၊ အဟန့်အတားများကို အောင်မြင်သည့် အတိုင်းအတာတစ်ခုအထိ ရင်ဆိုင်ကျော်လွှား သွားနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဆက်လက်၍လည်း မူလအခြေအနေထက် သာလွန်အောင် ပြန်လည်တည်ဆောက်နိုင်လိမ့် မည်ဟု အခိုင်အမာပြောကြားလိုကြောင်း။
အစကောင်းမှ အနှောင်းသေချာဆိုသကဲ့သို့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေ လျှော့ချရေးလုပ်ငန်းများတွင် မူလကတည်းက ထိထိရောက်ရောက် ကြိုတင်စီမံ ဆောင်ရွက်ထားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ထားမှသာလျှင် သဘာဝဘေးကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် သုံးစွဲရသည့် ကုန်ကျစရိတ်ကို ခုနစ်ဆခန့် လျော့နည်းသက်သာစေနိုင်သည်ဟု ပညာရှင်များက ဖော်ထုတ်ထားသည့်အတွက် အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲရေးတို့ကို မဖြစ်မနေထည့်သွင်းစဉ်းစား အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ထိုကဲ့သို့ ကြိုးပမ်းတည်ဆောက်ရာတွင်လည်း နိုင်ငံတော်အစိုးရ၏ အင်အားတစ်ခုတည်းဖြင့် မလုံလောက်ဘဲ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းနည်းလမ်းဖြင့် ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ဘေးအန္တရာယ်အမျိုးမျိုး၊ အခက် အခဲအမျိုးမျိုး ရင်ဆိုင်ရချိန်တိုင်းတွင် “We are Stronger, We are Together” ဟူသည့် စိတ်ဓာတ်ခံယူချက်ဖြင့် ကြံ့ကြံ့ခံကျော်လွှားပေးခဲ့ကြသကဲ့သို့ အနာဂတ်ကာလ နိုင်ငံ၏မျက်နှာစာသစ်ဖွင့်လှစ်မှု ခရီးတွင်လည်း အလားတူစိတ်ခွန်အားများကို ဆက်လက်မွေးမြူပြီး နိုင်ငံတော်နှင့်ပြည်သူ ကြည်ဖြူစွာ လက်တွဲရင်ဆိုင်ကျော်ဖြတ်သွားကြရန် မှာကြားလိုကြောင်း။
အနာဂတ်တွင် သဘာဝ ဘေးဒဏ်အပါအဝင် နိုင်ငံအတွက် ကျရောက်လာမည့် အန္တရာယ်ရန်စွယ် အခက်အခဲမှန်သမျှကို စည်းလုံးညီညွတ်မှုနှင့်ပူးပေါင်းရင်ဆိုင်ပြီး ကြံ့ကြံ့ခံနိုင်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးကို တည်ဆောက်ကြပါဟု တိုက်တွန်းပြောကြားရင်း ငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ရဟန်းရှင်လူအပေါင်း ကောင်းရာမွန်ရာရောက်ရှိကြပါစေကြောင်း၊ နိုင်ငံတော်ကြီးသည်လည်း အနာဂတ်တွင် ဘေးအန္တရာယ်အမျိုးမျိုးမှကင်းရှင်းပြီး တိုင်းရင်းသားမိဘပြည်သူအားလုံး ကျန်းမာချမ်းသာ ကြပါစေကြောင်းကို ဆန္ဒပြုပါကြောင်း ပြောကြားသည်။
ယင်းနောက် မန္တလေးငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများအား အမှတ်တရဂုဏ်ပြုတံဆိပ်များပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မန္တလေးငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော တပ်မတော်သားများကိုယ်စား တပ်မတော်အရာရှိကြီးတစ်ဦးကိုလည်းကောင်း၊ တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးကိုလည်းကောင်း၊ ရုရှားနိုင်ငံကယ်ဆယ်ရေးအဖွဲ့ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးကိုလည်းကောင်း၊ အိန္ဒိယနိုင်ငံကယ်ဆယ်ရေးအဖွဲ့ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီးကိုလည်းကောင်း အမှတ်တရဂုဏ်ပြုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နီပေါနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာနီပေါနိုင်ငံ သံအမတ်ကြီးကိုလည်းကောင်း၊ ဘရာဇီးနိုင်ငံကယ်ဆယ်ရေးအဖွဲ့ကိုယ်စား ဘရာဇီးနိုင်ငံသံအမတ်ကြီးကိုလည်းကောင်း၊ ယူအေအီးနိုင်ငံကယ်ဆယ်ရေးအဖွဲ့ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ယူအေအီးနိုင်ငံသံအမတ်ကြီးကို လည်းကောင်း၊ သီရိလင်္ကာနိုင်ငံကယ်ဆယ်ရေးအဖွဲ့ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ ဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးကိုလည်းကောင်း အမှတ်တရဂုဏ်ပြုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့က မန္တလေးငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော နိုင်ငံများအလိုက်မှ ကယ်ဆယ်ရေးအဖွဲ့များကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများ၊ စစ်သံမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံငလျင်ကော်မတီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းတို့မှ ကိုယ်စားလှယ်များအား အမှတ်တရ ဂုဏ်ပြုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁) နှစ်ပြည့် မှတ်တမ်းဗီဒီယိုအား ကြည့်ရှုကြသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မန္တလေးငလျင်ကြီး တုံ့ပြန်ရေး ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများနှင့် ဝန်ကြီးဌာနများအလိုက် ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
