နေပြည်တော် အောက်တိုဘာ ၁
ကလေးသူငယ် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဆင့်မြင့်လေ့ကျင့်ရေး ဆွေးနွေးပွဲနှင့် သုတေသနနှင့် လက်တွေ့လေ့ကျင့်ခြင်း အလုပ်ရုံဆွေးနွေးပွဲများသို့ အောက်တိုဘာ ၃ ရက်မှ ၁၄ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲများသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ကလေးအထူးကုဆရာဝန်ကြီး ရှစ်ဦး၊ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး နှစ်ဦး၊ မေ့ဆေးအထူးကုဆရာဝန်ကြီး တစ်ဦး စုစုပေါင်း ကိုယ်စားလှယ် ၁၁ ဦး ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲများသို့ တက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ရုရှား - မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးအနေဖြင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မိခင်နှင့်မွေးကင်းစကလေး သေဆုံးမှုလျှော့ချနိုင်ရေး၊ မိခင်နှင့် ကလေးကျန်းမာရေးကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် သင်တန်းများ စေလွှတ်လျက် ရှိပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ခေတ်မီဆေးပညာများအား သင်ယူလေ့လာ၍ မိမိနိုင်ငံအတွက် အကျိုးရှိစွာ ပြန်လည်အသုံးချပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံရှိ ပြည်သူလူထု၏ လိုအပ်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုများ နိုင်ငံတကာ အဆင့်မီပေးနိုင်ရေး သက်ဆိုင်ရာဘာသာရပ်အလိုက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများသို့ ထပ်မံစေလွှတ်သွားမည်ဖြစ်ပါကြောင်း၊ ဤကဲ့သို့ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မိတ်ကောင်းဆွေကောင်းများ တိုးပွားအောင်ဆောင်ရွက်ပြီး မိမိတို့၏ သက်ဆိုင်ရာ အထူးကုဆေးပညာနယ်ပယ်များ တိုးတက်အောင် ဆောင်ရွက်ပြီး နှစ်နိုင်ငံချစ်ကြည်ရေး တိုးမြှင့်ကြစေလိုကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲသို့ တက်ရောက်မည့် ဆရာဝန်ကြီးခြောက်ဦးသည် ပထမအသုတ်အနေဖြင့် အောက်တိုဘာ ၁ ရက် ညနေ ၆ နာရီတွင် လည်းကောင်း၊ ဆရာဝန်ကြီး ငါးဦးသည် ဒုတိယအသုတ်အနေဖြင့် အောက်တိုဘာ ၂ ရက် နံနက် ၁၁ နာရီခွဲတွင် လည်းကောင်း မြန်မာနိုင်ငံမှ ရုရှားနိုင်ငံ မော်စကိုမြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်