Skip to main content

ပေါင်းလောင်းမြစ်အတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ပုဂ္ဂလိကငါးမွေးမြူရေးလုပ်ငန်း စတင်ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၃၁

ပေါင်းလောင်းမြစ်အတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ပုဂ္ဂလိက ငါးမွေးမြူရေးလုပ်ငန်း စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်ရွက်အနီး ပေါင်းလောင်းမြစ်ရေပြင်၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဒေသနေပြည်သူများ ငါးစားသုံးမှုဖူလုံရေးအပြင် အခြားတိုင်းဒေသကြီး/ပြည်နယ်များနှင့် လိုအပ်ချက်ရှိနေသည့် အနီးဝန်းကျင်ဒေသများသို့ တင်ပို့ရောင်းချနိုင်သည်အထိ ငါးမွေးမြူ ထုတ်လုပ်မှုသိသာစွာ တိုးတက်လာရေးအတွက် နေပြည်တော် ပတ်ဝန်းကျင်ရှိ ပေါင်းလောင်းမြစ် အပါအဝင် ဆည်တာတမံနှင့် အခြေအနေပေးသည့်သဘာဝ မြစ်ချောင်းများတွင် တိုးချဲ့မွေးမြူနိုင်ရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက အားပေးကူညီလျက်ရှိပါကြောင်း၊ ခေတ်မီနည်းစနစ်အသုံးပြု၍ ငါးမွေးမြူ ရေးလုပ်ငန်းများ အောင်မြင်လာပါက ငါးမွေးမြူထုတ်လုပ်သည့် လုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက်တွင် ပါဝင်လုပ်ကိုင်သူများ၏ စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆွေးနွေးပြောကြား

ဆက်လက်၍နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေဖြစ်သော နေပြည်တော်တွင် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ၊ ဒေသနေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝများ တိုးတက်ရေး ဆောင်ရွက်နေမှုများကို ဆွေးနွေး ပြောကြားသည်။

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က ပေါင်းလောင်းမြစ်အတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူနိုင်မှုအခြေအနေနှင့် ငါးမွေးတောင်သူများအတွက် အကျိုးဖြစ်ထွန်းနိုင်မှု အလားအလာများကို ရှင်းလင်းတင်ပြသည်။

နမူနာအဖြစ် ပြသ

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ပေါင်းလောင်းမြစ်အတွင်း ရေပေါ်လှောင် အိမ်စနစ်ဖြင့် ငါးမွေးမြူလုပ်ကိုင်မည့် တောင်သူကြီး ဦးကြည်ထွန်း၏ ရေပေါ်လှောင်အိမ်လေးခုအတွင်းသို့ တီလားဗီးယား ငါးသားပေါက်များ မျိုးစိုက်ထည့်ပေးခဲ့ကြသည်။ ယနေ့ ငါးမျိုးစိုက်ထည့်မွေးမြူခြင်းလုပ်ငန်းကို အနီးဝန်းကျင်ရှိ ကျေးရွာများမှ ငါးမွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူများအား နမူနာအဖြစ် ပြသပြီး ပေါင်းလောင်းမြစ်ကြောင်း တစ်လျှောက်နှင့် အခြေအနေပေးသည့် သဘာဝရေပြင်များတွင် ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူထုတ်လုပ်မှုတိုးပွားလာရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်