Skip to main content

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ်/ကျေးရွာများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်၊ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော် ဩဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ သန်လျင်မြို့နယ်၊ ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်များအတွင်း သြဂုတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ရာ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် နေရာများတွင် ယနေ့နံနက်ပိုင်းမှစ၍ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက လဲကျခဲ့သည့်သစ်ပင် သစ်ကိုင်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် လမ်းများပေါ်၌ တင်ကျန်ခဲ့သည့် ရွှံ့နွံများအား ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် လိုအပ်သည့် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘိုကလေးကျေးရွာ၊ ကွမ်းမိုးဒိန်းရပ်ကွက်နှင့် အမှတ်(၁၂) ရပ်ကွက်များတွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များက ရေဘေးသင့်ပြည်သူများထံသို့ လိုအပ်သည့် လူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။