နေပြည်တော် မတ် ၂၄
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသားတစ်ဦးအား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စံရွှေ နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ Counsellor Mr. Wuchan Rhee နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက် အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် မတ် ၂၄ ရက် အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၆၁၆ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၃၃၆ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၂၈၀ ကို သက်ဆိုင်ရာနိုင်ငံများ သို့ လွှဲပြောင်းပေးရန် အသင့် ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်း နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
