နေပြည်တော် ဩဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ဧရာဝတီတံတား (ရတနာပုံ) စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အများပြည်သူ လုံခြုံရေးအတွက် လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိစဉ် ယနေ့ နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် ရန်ကုန်-မုံရွာ ပြေးဆွဲလျက်ရှိသည့် အာကာသ ခရီးသည်တင် မော်တော်ယာဉ် (Express) ၁ စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်ပေါ်တွင် လိုက်ပါလာသည့် PDF အမည်ခံ အကြမ်းဖက်သမား ၃ ဦးက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့အပြင် ၎င်း PDF အမည်ခံအကြမ်းဖက်သမား ၃ ဦးက ခရီးသည် အချို့ကို ဆက်လက်ပစ်ခတ်ခြင်း၊ ခရီးသည်များကို ဓားစာခံလုပ် အကာအကွယ်ယူပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခြင်းဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ခရီးသည်များကို ဓားစာခံလုပ် လူသားတံတိုင်းသဖွယ် အကာအကွယ်ယူပစ်ခတ်နေသည့် အကြမ်းဖက်သမားများကို တိကျစွာ ချိန်ရွယ်ပစ်ခတ် ဖမ်းဆီးခဲ့သဖြင့် PDF အမည်ခံအကြမ်းဖက်သမား ၂ ဦးကို အသေဖမ်းဆီးရမိပြီး ၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ ပစ္စတို ၃ လက် သိမ်းဆည်းရမိခဲ့သည်။ ဖြစ်စဉ်တွင် ခရီးသည် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးမှာ PDF အမည်ခံအကြမ်းဖက်သမားများ၏ လူသားတံတိုင်းသဖွယ် ရှေ့ကကာ၍ ဖမ်းဆီးအကာအကွယ်ယူခဲ့မှုကြောင့် လက်ယာဘက် ခြေသလုံး ထိမှန်ဒဏ်ရာဖြင့် ထိတ်လန့်ဖြစ်ကာ သေဆုံးခဲ့ပြီး ခရီးသည် ၅ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်။
အရှင်ဖမ်းဆီးရမိခဲ့သည့် PDF အမည်ခံအကြမ်းဖက် ၁ ဦးကို အသေးစိတ်စစ်ဆေးခဲ့ရာ ကားပေါ်၌ သိုဝှက်သယ်ဆောင်လာသော ချေမှုန်းရေးရိုင်ဖယ်အမျိုးအစား (သေနတ်အသစ်) ၃ လက်နှင့် ခဲယမ်းများ ထပ်မံဖမ်းဆီးရမိခဲ့သည်။
PDF အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့် ယခုအချိန်တွင် ပြည်သူလူထု ခရီးသွားလာနေသည့် ခရီးသည်တင်ကားများကို အကာအကွယ် ရယူဓားစာခံပြုလုပ်၍ ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လာကြောင်း၊ ယခုရက်သတ္တပါတ် အတွင်း Elite ခရီးသည်တင်ကားကို အကြမ်းဖက်တိုက်ခိုက် ဖမ်းဆီးလုပ်ဆောင်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌လည်း YBS ခရီးသည်ယာဉ်များကို တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ကြောင့် ခရီးသွားပြည်သူလူထု၊ ယာဉ်လိုင်းများအနေဖြင့် မသင်္ကာဖွယ်ရာများတွေ့ရှိရပါက လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ အနေဖြင့်လည်း NUG၊ PDF အမည်ခံအကြမ်း ဖက်သမားများ၏ ခရီးသည်တင် ယာဉ်လိုင်းများကို တိုက်ခိုက်မှု၊ ဓားစာခံလုပ်မှု၊ လူသားတံတိုင်းသဖွယ် အသုံးချနေမှုများကို သိရှိရန်နှင့် အကြမ်းဖက်လုပ်ရပ်များအား အားမပေးရန်လိုကြောင်း သတင်း ထုတ်ပြန် အပ်ပါသည်။